Share this

ပဉ္စမနေ့ အစည်းအဝေး အကျဉ်းချုပ် (၁၉-၁၁-၂၀၁၉)

Tuesday, November 19, 2019 - 12:05
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး

ပဉ္စမနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၁ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်

(၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်)

[ အင်္ဂါနေ့ ]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၁ဝးဝဝ နာရီ အချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါ သည်။

(က)ဦးမာန်လောမောင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ မင်းတပ် - ရှစ်- တွီလီ - ဒုတ် မှတစ်ဆင့် ဒုတ် - ခါရှိပ် - မကွီအိမ်နူး မြို့သို့ ဆက်သွယ်ထားသော ဆိုင်ကယ်လမ်းအား ကားလမ်းအဖြစ် အဆင့် တိုးမြှင့် ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် က ကျေးလက် လမ်းစာရင်းတွင် ပါဝင်ခြင်းမရှိသေးသည့် ခါရှိပ်-ကျုံလောင်း လမ်းပိုင်းအရှည် (၁၀)မိုင်(၄)ဖာလုံကို ကျေးလက်လမ်းအဖြစ် သိမ်းသွင်းဆောင်ရွက်နိုင်ရေးအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့မှ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့တင်ပြပြီး ခွင့်ပြုချက် ရရှိပါက လုပ်ထုံးလုပ်နည်းနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ပေးသွား မည်ဖြစ်ပြီး မင်းတပ်-ရှစ်-တွီလီ-ဒုတ်လမ်းခွဲမှ ဒုတ်-ခါရှိပ်ကျေးရွာအထိ လမ်းပိုင်း အရှည် (၅)မိုင်နှင့် ကျုံလောင်း-မကွီအိမ်နူးလမ်းပိုင်းအရှည် (၄)မိုင်တို့သည် လမ်းအဆင့်သတ်မှတ်ချက်အရ Class (C) ဦးစားပေးအဆင့်(၂)တွင် ပါဝင်သဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နောက်ပိုင်းကာလများ၌ ပြည်ထောင်စုရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့မှ ပေးပို့သော အချက်အလက်များနှင့် ပေါင်းစပ်၍ ရှင်းလင်းဖြေကြားသည်။

(ခ)ဒေါက်တာဝင်းမြင့်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)၏ ပဲခူးတိုင်း ဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်း မြို့အဝင်လမ်းမကြီးအား လမ်းဦးစီး ဌာနသို့ လွှဲပြောင်းပေးပြီး အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် က လမ်းဦးစီးဌာနသို့ လွှဲပြောင်းရန် ပဲခူးတိုင်းဒေသကြီးအစိုးအဖွဲ့၏ သဘောတူညီချက် ရရှိပါက ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး (EC) သို့တင်ပြဆုံးဖြတ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲသောလမ်း အဖြစ် လွှဲပြောင်းလက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးအဖွဲ့မှ ပေးပို့သောအချက်အလက်များနှင့် ပေါင်းစပ်၍ ရှင်းလင်းဖြေကြား သည်။

(ဂ)ဒေါ်ခင်ဆွေလွင်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ ချင်းပြည်နယ်အတွက် ဂျပန်နိုင်ငံ JICA မှ လှူဒါန်းထားသော စက်ကြီး(၁၂၀)စီးအား မည်သည့် လုပ်ငန်းအတွက် မည်သို့အသုံးပြုနေသည်ကို သိရှိလိုခြင်းနှင့် သတ်မှတ်ထားသော လုပ်ငန်းများ ပြီးဆုံးသွားပါက ချင်းပြည်နယ်ရှိ မြို့နယ်(၉)မြို့နယ်တွင် အသုံးပြုနိုင်ရန် ခွဲဝေပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် က JICA နှင့် ချုပ်ဆိုခဲ့သော Exchange of Notes နှင့် Record of Discussion အရ စက်ယန္တရားများအား ချင်းပြည်နယ်ရှိ မြို့နယ် (၉)မြို့နယ်တွင် သီးခြားခွဲဝေပေး နိုင်ခြင်းမရှိကြောင်း၊ သက်ဆိုင်ရာမြို့နယ်များမှ လုပ်ငန်းလိုအပ်ချက်အရ သုံးစွဲရန် တောင်းခံလာမည်ဆိုပါက ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဆောင်ရွက်သော လုပ်ငန်းများတွင် စက်ယန္တရားများပိုလျှံမှသာ သက်ဆိုင်ရာ ခရိုင်အင်ဂျင်နီယာ များ၏ စိစစ်တင်ပြမှုအပေါ် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်နိုင်ရန် Equipment Fleet အလိုက် စေလွှတ်၍ ဆောင်ရွက်နိုင် ကြောင်းနှင့် တောင်းခံထားသောလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက JICA စက်ယန္တရားစခန်းတွင် ပြန်လည်အခြေပြု၍ ထိန်းသိမ်းထားရှိရမည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့မှ ပေးပို့သော အချက်အလက်များနှင့် ပေါင်းစပ်၍ ရှင်းလင်းဖြေကြားသည်။

(ဃ)ဦးမျိုးဝင်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ပြိုခြင်းနှင့်အတူ ပြင်းထန်စွာ စီးဆင်းလာသော တောင်ကျရေများကြောင့် ပျက်စီးဆုံးရှုံးမှု ကြီးမားစွာဖြစ်ပေါ် ခဲ့ရသည့် ရေးမြို့နယ်၊ ရေးမြစ်တစ်လျှောက်ရှိ လမ်းတံတားများ ပြန်လည်  ပြုပြင် တည်ဆောက်ရေးအတွက် အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် က သဘာဝဘေးကြောင့်ဖြစ်ပေါ်သော လမ်းပန်းဆက်သွယ်မှုပြတ်တောက်မှုများကို ချက်ခြင်းဖြေရှင်းဆောင်ရွက်လျက် ရှိကြောင်း၊ ကြီးမားစွာပျက်စီးခဲ့သော မလွှဲတောင်-ထားဝယ်လမ်းပိုင်း၌ တံတားထိုး ရမည့်နေရာတွင် အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲလျက်ရှိပြီး ကျန်ရှိသော လမ်းတံတား အသေးစားပျက်စီးမှုများကို ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့ ပြင်/ထိန်းရန်ပုံငွေတို့ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ရှင်းလင်းဖြေကြားသည်။ 

(င)ဒေါက်တာကျော်ငွေ၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)၏ မြန်မာ့ မီးရထားက တာဝန်ယူ ထိန်းသိမ်းထားရသော ကားလမ်းနှင့် ရထားလမ်း တွဲလျက် ပါသည့် မြစ်ကူး၊ ချောင်းကူးတံတားများပေါ်ရှိ ကားလမ်းများ ပျက်စီးပါက အချိန်တိုအတွင်း ပြုပြင်ပေးနိုင်ရန် သက်ဆိုင်ရာ လမ်းဦးစီးဌာန သို့မဟုတ် BOT စနစ်ဖြင့် ဆောင်ရွက်နေသော ကုမ္ပဏီများသို့ ပြုပြင်ခွင့်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး က ပင်မတံတားအပေါ်ကားလမ်းတွင် ပေါက်နေသော အပေါက်ကြီး၊ ငယ် တို့ကို ပြုပြင်ဆောင်ရွက်ရန် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် သာမန်အသုံးစရိတ်မှကျခံ၍ တင်ဒါခေါ်ယူ ပြုပြင်ဆောင်ရွက်ပေးသွားရန် လျာထားပြီး လောလောဆယ်အနေဖြင့် မြန်မာ့မီးရထားပိုင် မြစ်ကူး၊ ချောင်းကူး၊ တံတားများကို သက်ဆိုင်ရာလမ်းဦးစီးဌာန သို့မဟုတ် BOT စနစ်ဖြင့် ဆောင်ရွက် နေသော ကုမ္ပဏီများသို့ ပြုပြင်ခွင့်ပေးရန် အစီအစဉ်မရှိသေးကြောင်း ရှင်းလင်း ဖြေကြားသည်။

အသိပေး တင်ပြခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း

၃။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က အမျိုးသားလွှတ်တော်က အတည်ပြုပြီးပေးပို့     ထားသော သွင်းကုန်ပမာဏ မြင့်တက်ခြင်းမှ ကာကွယ်ပေးမှု ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို အသိပေး တင်ပြပြီး ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ဥပဒေကြမ်း တင်သွင်းခြင်း၊ အစီရင်ခံစာ ဖတ်ကြား ရှင်းလင်းခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင် ကြောင်း ကြေညာခြင်း

၄။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး က ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းပြီး ဦးကျော်ကျော်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄) (ဥပဒေကြမ်းကော်မတီဝင်)က ယင်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြား ရှင်းလင်းရာ ဥက္ကဋ္ဌ က ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

၅။ အစည်းအဝေးကို ၁၁:၀၀ နာရီ အချိန်တွင် ရပ်နားပြီး ဆဋ္ဌမနေ့ အစည်းအဝေးကို ၂၂-၁၁-၂၀၁၉ ရက်နေ့ (သောကြာနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

အမျိုးသားလွှတ်တော်