Share this

ပဉ္စမနေ့ အစည်းအဝေး အကျဉ်းချုပ် (၁၀.၅.၂၀၁၉)

Friday, May 10, 2019 - 12:38
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး

ပဉ္စမနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၁ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်

(၂၀၁၉ ခုနှစ်၊ မေလ ၁၀ ရက်)

[ သောကြာနေ့ ]

 

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ၂၀၁၉ ခုနှစ်၊ မေလ ၁၀ ရက်နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်းအစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည်-

(က)ဦးလှဦး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ အခြေခံပညာကျောင်းများတွင် ပြဋ္ဌာန်းထားသည့် သက်ဆိုင်ရာတိုင်းရင်းသားဘာသာစကား သင်ကြားမည့် ဆရာ/ဆရာမများ၏ စာသင်ချိန် (၁)နာရီသင်ကြားမှုအတွက် တစ်လ ၃၀၀၀၀ ကျပ်ဖြစ်၍ တစ်ရက်လျှင် ၁၀၀၀ ကျပ်သည် ခေတ်ကာလငွေတန်ဖိုး အရ မသင့်လျော်ပါသဖြင့် သင့်လျော်ရာနှုန်းထားသို့ တိုးမြှင့်သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က တစ်လလျှင်သင်ကြားချိန် နာရီ (၂၀)ရှိသဖြင့် (၁)နာရီအတွက် လုပ်အားခကျပ် (၁၅၀၀)နှုန်း ထောက်ပံ့ကြေးချီးမြှင့်ထားခြင်း သည် ရုံးဝန်ထမ်းများ၏ နေ့စား(၁)ရက် (၈)နာရီလုပ်အားခ (၄၈၀၀)ကျပ်နှုန်းဖြင့် နှိုင်းယှဉ်လျှင် သင့်တင့်မျှတမှုရှိနေပါကြောင်း၊ လက်ရှိတွင် ပညာရေးဝန်ကြီးဌာန အတွက် ဘဏ္ဍာငွေရရှိမှုအခြေအနေအရ တိုင်းရင်းသားဘာသာ စာပေသင်ကြားသော ဆရာ၊ ဆရာမများပေးအပ်ချီးမြှင့်ငွေအား တိုးမြှင့်သတ်မှတ်ပေးရန် အစီအစဉ်မရှိသေးကြောင်း ရှင်းလင်းဖြေကြားသည်။

(ခ)ဦးကျော်မြင့်ဦး၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)၏ KG+12 စနစ် ပညာရေး အောင်မြင်နိုင်ရေးအတွက် KG စာသင်ခန်းများ အဆင့်မြှင့်တင်ခြင်း၊ သင်ထောက်ကူပစ္စည်းများ အလုံအလောက်ထောက်ပံ့ခြင်း၊ ဆရာ၊ဆရာမများအား လုံလောက်သောသင်တန်းများနှင့် အခွင့်အလမ်းများ ပေးအပ်ခြင်းနှင့် မိဘ၊ ဆရာ၊ ဆရာမများအား လက်ရှိအခြေအနေထက် ပိုမိုပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန် ကျောင်းတိုင်းတွင် ပညာရေး ဆွေးနွေးပွဲများပြုလုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က နောင်လာမည့် ပညာသင်နှစ်များတွင် ခွဲဝေရရှိမည့် ရန်ပုံငွေအပေါ်မူတည်၍ KG (သူငယ်တန်း) ကျောင်းသား၊ ကျောင်းသူများအတွက် KG Kit တွင်ပါဝင်သော သင်ထောက်ကူပစ္စည်းများ  ဖြည့်ဆည်းပေးခြင်း၊  ဆရာ၊ ဆရာမ အရည်အသွေးမြင့်မားရေးဆောင်ရွက်ခြင်းနှင့် မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများနှင့် ဆွေးနွေးပွဲများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဂ)ဦးမောင်မောင်လတ်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)၏ စစ်ကိုင်းတိုင်း ဒေသကြီး၊ တမူးမြို့၊ မြို့မရပ်ကွက်(၁၃)၊ နန်းဖာလုံ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)အတွက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် (၁၄၀x၃၀)ပေ Steel Structure (၂)ထပ် အဆောင်သစ်ဆောက်လုပ်ပေးပြီး သစ္စာဆောင်ကို အန္တရာယ် ဆောင်သတ်မှတ်၍ ဖျက်သိမ်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး  က ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေ ခေါင်းစဉ်အောက်မှ ခွဲဝေရရှိမည့် အ‌ခြေအနေပေါ်မူတည်လျက် ဦးစားပေးအဆင့်အလိုက် ခွဲခြားသတ်မှတ် ထည့်သွင်းလျာထားပြီး ခွင့်ပြုချက်ရရှိပါက ဆောင်ရွက်ပေးသွားနိုင်မည်ဖြစ် ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဃ)ဦးမင်းဆွေနိုင်၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)၏ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မိုးညှင်းမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်း အုတ်ကျင်းအား အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း မိုးညှင်းအဖြစ် အမည် ပြောင်းလဲသတ်မှတ်ပေးနိုင်ခြင်း ရှိ/မရှိနှင့် အဆိုပါကျောင်းအတွက်  RC (၂)ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က သက်ဆိုင်ရာကျောင်းမှတစ်ဆင့် မြို့နယ်၊ ခရိုင်၊ ပြည်နယ်ပညာရေးမှူးရုံး၊ ပြည်နယ်အစိုးရအဖွဲ့တို့၏ သဘောထားမှတ်ချက်များရယူ၍ အခြေခံပညာဦးစီး ဌာနသို့ အမှုတွဲတင်ပြရန်လိုအပ်ပြီး အမှုတွဲတင်ပြလာပါက အခြေခံပညာဦးစီး ဌာနအနေဖြင့် ပညာရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီထံသို့ တင်ပြပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးသွားနိုင်ကြောင်း၊ RCC (၂)ထပ် ကျောင်းဆောင်သစ်တစ်ဆောင် တိုးချဲ့ဆောက်လုပ်ရန်အတွက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေ ခေါင်းစဉ်အောက်မှ ခွဲဝေရရှိမည့် အ‌ခြေအနေ ပေါ်မူတည်လျက် ဦးစားပေးအဆင့်အလိုက် ခွဲခြားသတ်မှတ်ထည့်သွင်းလျာထားပြီး ခွင့်ပြုချက်ရရှိပါက ဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြား သည်။

(င)ဦးဘွဲခိန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ချင်းပြည်နယ်၊ ထန်တလန် မြို့နယ်၊ အိုင်ဘူးရ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရှိ အန္တရာယ်ရှိ ကျောင်းဆောင် အဆောင်(၂)အား ပြင်ဆင်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး က ပျက်စီးနေသော ကျောင်းဆောင်အစား (၁၄၀ x၃၀)ပေ RCC (၂)ထပ် ကျောင်းဆောင်သစ်တစ်ဆောင် တိုးချဲ့ဆောက်လုပ်ရန်အတွက် လိုအပ်သော ရန်ပုံငွေကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေ ခေါင်းစဉ် အောက်မှ ခွဲဝေရရှိမည့်အ‌ခြေအနေပေါ်မူတည်လျက် ဦးစားပေးအဆင့်အလိုက် ခွဲခြားသတ်မှတ် ထည့်သွင်းလျာထားပြီး ခွင့်ပြုချက်ရရှိပါက ဆောင်ရွက်ပေး သွားနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။ 

ဥပဒေကြမ်း ဆွေးနွေးခြင်း

၃။ ၂၀၁၉ ခုနှစ်၊ အပင်မျိုးသစ် အကာအကွယ်ပေးရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၂)ဦး က ဆွေးနွေးသည်။

၄။ အစည်းအဝေးကို ၁၁:၀၇ နာရီ အချိန်တွင် ရပ်နားပြီး ဆဋ္ဌမနေ့ အစည်းအဝေးကို ၁၅-၅-၂၀၁၉ ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

အမျိုးသားလွှတ်တော်