Share this

နဝမနေ့ အစည်းအဝေး အကျဉ်းချုပ် (၂၂.၅.၂၀၁၉)

Wednesday, May 22, 2019 - 13:49
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး

နဝမနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၁ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်

(၂၀၁၉ ခုနှစ်၊ မေလ ၂၂ ရက်)

[ ဗုဒ္ဓဟူးနေ့ ]

 

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ကို ၂၀၁၉ ခုနှစ်၊ မေလ ၂၂ ရက်နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်းအစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည်-

(က)ဦးထိန်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ ဧရာဝတီတိုင်း ဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ငါးဖားကျေးရွာအုပ်စု၊ အင်းမကျေးရွာအနီး ပဆင - တလုတ္ထော် - ထိန်ကုန်းကျော် - ငါးဖား - ကျီးတောကွက် လမ်းပေါ်ရှိ အင်းမ တံတားအား သံကူကွန်ကရစ်တံတားအဖြစ် အသစ်ပြန်လည် တည်ဆောက်ပေး ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေတွင် ခွဲဝေရရှိပြီးဖြစ်၍ သံကူကွန်ကရစ်တံတား အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။

(ခ)ဦးလင်းတင်ဌေး၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ မွန်ပြည်နယ်၊ မော်လမြိုင် ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကရင်ဝင်းစိန်- ဝဲကူး- တော်ပွန် လမ်းပိုင်းအား ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မြေသားချဲ့ခြင်းနှင့် ကွန်ကရစ်လမ်းခင်းပေး ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က လမ်းအဆင့်သတ်မှတ်ချက်အရ Class (B) ဦးစားပေးအဆင့်(၁)တွင်ပါဝင်သဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ဘဏ္ဍာငွေတွင်ထည့်သွင်းလျာထားပြီး ကွန်ကရစ်လမ်းအဖြစ်  အကောင်အထည် ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဂ)ဦးမောင်ကျော်ဇံ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ အထက်ကျွဲချိုမော်အုပ်စု၊ ကျွဲရိုင်းခတ်အုပ်စု၊ ဒုပြင်ရှည် အုပ်စု၊ ငလှမ်းပြင်အုပ်စု၊ ပအိုးသည်မအုပ်စု၊ ဒုအိုးသည်မအုပ်စု၊ ပေါက်တော ကျေးရွာအုပ်စုများရှိ ကျေးရွာများအတွက် လမ်းဦးစားပေးအဆင့် သတ်မှတ်ကာ ကျေးရွာချင်းဆက်လမ်းများ ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က ဆက်သွယ်သွားလာမှု လွယ်ကူနိုင်ရေးအတွက် ကျန်ရှိသော ကျေးရွာချင်းဆက် လမ်းများအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေတွင် ဆက်လက်ထည့်သွင်း လျာထားပေးသွားမည်ဖြစ်ပြီး ခွဲဝေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဃ)ဦးဘွဲခိန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ချင်းပြည်နယ်၊ ထန်တလန် မြို့နယ်၊ နှာဟရိန်မြို့မှ ခွါဟရန်-လေပီး-ခွာသွားနှင့် ရေဇွာမြို့-ဂန့်ဂေါ လမ်းဆုံ နေရာအထိ (၂၃)မိုင်အား ပြည်ထောင်စုလမ်းမကြီး သို့မဟုတ် ပြည်နယ် လမ်းမကြီးအဖြစ် သတ်မှတ်ပေးရန်နှင့် ပေ(၃၀)အကျယ် လမ်းတာချဲ့ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က  ပြည်ထောင်စုလမ်းမကြီး သို့မဟုတ် ပြည်နယ် လမ်းမကြီးအဖြစ် သတ်မှတ်ပေးရန် အစီအစဉ် မရှိသေးကြောင်း၊ ချင်းပြည်နယ် အတွင်းရှိ ကျေးလက်လမ်းများအား (၂၄)ပေအကျယ် လမ်းတာချဲ့ခြင်းလုပ်ငန်း များကို နှစ်စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

(င)ဦးဇုန်လှယ်ထန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ ချင်းပြည်နယ်၊ ကလေး-ဖလမ်းလမ်းပေါ်ရှိ ထင်ရှူးစခန်းမှ ဘွာလ်ခွါး-ဘဲလွေ-ဆွောင်းဒို-ငါမွာလ်-မွှန်ပီး-ဇောလ်နိုး-ဇောင်ကောင်းလမ်းအား လမ်းတာချဲ့ခြင်းနှင့် လိုအပ်သောနေရာ များတွင် တံတားနှင့်ရေပြွန်များ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က Class (A) ဦးစားပေးအဆင့်(၂)တွင် ပါဝင်သဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နောက်ပိုင်းကာလများတွင် ချင်းပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေတွင် ထည့်သွင်း လျာထားပြီး ခွဲဝေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(စ) ဦးကျော်တုတ်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏ မန္တလေးတိုင်း ဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ဆိတ္ထိန်း- ကမ်းဖြူ - ငါ့သရောက်မြို့ ကျောက်ချောလမ်းကို ကတ္တရာလမ်းအဆင့်သို့ ဘဏ္ဍာရေးနှစ် အလိုက်ပိုင်း၍ ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က လမ်းအဆင့် သတ်မှတ်ချက်အရ Class (A) ဦးစားပေးအဆင့်(၁)တွင် ပါဝင်သဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ကတ္တရာလမ်း (၂)မိုင်(၃)ဖာလုံကို အဆင့်မြှင့်တင်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဆက်လက်၍ ဘဏ္ဍာရေးနှစ်အလိုက် အပိုင်းလိုက် ကတ္တရာလမ်းအဖြစ် ဆက်လက် အဆင့်မြှင့်တင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဆ) ဒေါ်နွယ်နွယ်အောင်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)၏ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ရေပေးဝေရေးအတွက် JICA (ODA Loan) နှင့် ADB ချေးငွေတို့ဖြင့် ဆောင်ရွက်နေသည့် ရွှေနတ်တောင် ရေလှောင်တမံစီမံကိန်းမှ မြို့တွင်းရေပေးဝေရေး လုပ်ငန်းမှာ မည်သည့်အဆင့်ရောက်ရှိနေပြီး၊ မည်သည့်အချိန်တွင် ပြည်သူများ အတွက် သန့်ရှင်းရေရရှိရေး မည်သို့ဆောင်ရွက်သွားမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က ရေသန့်စင်မှုစနစ်ပါဝင်သော တိုးချဲ့ရေပေးရေးကို ဆောင်ရွက်ရန် ၂၀၁၈--၂၀၁၉ ဘဏ္ဍာရေးနှစ် (ဖြည့်စွက်)ရန်ပုံငွေ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ရန်ပုံငွေတို့ဖြင့် ဆောင်ရွက်ရန် စီမံထားကြောင်း၊ စီမံကိန်းပြီးစီးပါက မော်လမြိုင်မြို့ပေါ်ရှိ (၂၉)ရပ်ကွက်အနက် (၁၇)ရပ်ကွက်တွင် အတ္ထရံမြစ်ရေဖြင့် သန့်ရှင်းသော ရေပေးဝေနိုင်မည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ရှင်းလင်းဖြေကြားသည်။

(ဇ)ဒေါက်တာကျော်သန်းထွန်း(ကန်တုန်)၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃)၏ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပိုးချည်စီမံကိန်း ခြံ၏ မြေဧရိယာ(၁၁၂)ဧကကို ပုဂ္ဂလိက လုပ်ငန်းရှင်တို့အား ငှားရမ်းခဲ့ပြီး ငှားရမ်းခြင်း စာချုပ်ပျက်ပြယ်စေသည့် ချိုးဖောက်ချက်များအရ ဝန်ကြီးဌာနမှ ပြန်လည်သိမ်းယူ၍ စက်မှုသီးနှံဖွံ့ဖြိုးရေးဦးစီးဌာနမှ ပိုးချည်လုပ်ငန်းအား ပြန်လည်ဖော်ထုတ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က  မည်သူ တစ်ဦးတစ်ယောက်ကိုမျှ ထပ်ဆင့်ငှားရမ်းထားခြင်းမရှိဘဲ စာချုပ်ပါ စည်းကမ်း အတိုင်း လိုက်နာဆောင်ရွက်နိုင်ရေး ကြီးကြပ်လျက်ရှိပြီး စာချုပ်နှင့်အညီ လုပ်ငန်းများ အကောင်အထည်ဖော်ရေး ကြပ်မတ်စစ်ဆေးလျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

(ဈ)ဒေါ်မမလေး၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် စိုက်ပျိုးသီးနှံ ထွက်ကုန် များအား ဓာတ်ခွဲစမ်းသပ်ရန် ဓာတ်ခွဲခန်းတစ်ခု ခွင့်ပြုချထားပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က တောင်ကြီးမြို့ရှိ ဓာတ်ခွဲခန်းသို့ လာရောက် ဓာတ်ခွဲစမ်းသပ်နိုင်မည်ဖြစ်ပြီး စိုက်ပျိုးထွက်ကုန်သီးနှံများ  စစ်ဆေး နိုင်သော  ဓာတ်ခွဲခန်း(၁)ခု တည်ဆောက်ဖွင့်လှစ်နိုင်ရန်အတွက် မြေနေရာ၊ အဆောက်အဦ၊ ဓာတ်ခွဲသုံးပစ္စည်းကိရိယာများ၊ ဓာတုပစ္စည်းများ၊ လျှပ်စစ် ဓာတ်အားအသုံးပြုနိုင်မှု၊ ကျွမ်းကျင်ပညာရှင်များစသည်ဖြင့် များစွာလိုအပ်သဖြင့် လတ်တလောတွင် ဓာတ်ခွဲခန်းအသစ် ဖွင့်လှစ်သွားမည့် အစီအစဉ်မရှိသေး ကြောင်း ရှင်းလင်းဖြေကြားသည်။

(ည)ဦးအေးမင်းဟန်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)၏ သမဝါယမပိုင်လုပ်ငန်း (၆)ခုမှ ယခင်ကနိုင်ငံတော်သို့ State Income ပေးသွင်းနေသော်လည်း ယခုအခါတွင် အသင်းဌာနများ အကျိုးရှိစေရန် အကြောင်းပြပြီး ပေးသွင်းခြင်းမပြုတော့သည့် ယင်းလုပ်ငန်း (၆)ခုအား စနစ်တကျ ထိန်းသိမ်းထားမှု ရှိ/မရှိ နှင့် နှစ်စဉ် အကျိုးမည်မျှရှိသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က နိုင်ငံပိုင်ဘတ်ဂျက်ဖြင့် လုပ်ကိုင်နေသည့် ဌာနဆိုင်ရာ အဖွဲ့အစည်းမဟုတ်ခြင်း၊ နိုင်ငံတကာချေးငွေ၊ ထောက်ပံ့ငွေ ပြေကြေကျော်လွန်သည့်အထိ (State Income) ပေးသွင်းပြီးဖြစ်ခြင်း၊ နိုင်ငံတော်ဝင်ငွေ (State Income)သို့ ပေးသွင်းခြင်းမပြုသော် လည်း  ကုန်သွယ်ခွန်၊ လုပ်ငန်းခွန်များကို နိုင်ငံတော်က သတ်မှတ်ထားသည့်နှုန်း အတိုင်း နှစ်စဉ် အခွန်ထမ်းဆောင်လျက်ရှိခြင်းနှင့် တင်ပြပါလုပ်ငန်းများကို သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက်လက်ထိန်းသိမ်း ဆောင်ရွက်လျက်ရှိကြောင်းနှင့်  ဝန်ကြီးဌာနအနေဖြင့် ထိန်းကျောင်းဆောင်ရွက် လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

အစီရင်ခံစာ ဖတ်ကြားရှင်းလင်းခြင်း၊ အဆိုတင်သွင်းခြင်း၊ ထောက်ခံခြင်းနှင့် အတည်ပြုခြင်း

၃။ ကရင်ပြည်နယ်၊  မဲဆန္ဒနယ်အမှတ်(၁၀)မှ ဒေါက်တာမျိုးအောင် (ဥပဒေကြမ်းကော်မတီဝင်) က ၂၀၁၉ ခုနှစ်၊ အပင်မျိုးသစ် အကာအကွယ်ပေးရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြားရှင်းလင်းပြီး တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော် က အတည်ပြုသည်။

၄။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊  ဒုတိယဝန်ကြီး ဦးလှကျော် က ယင်းဥပဒေကြမ်းကို အတည်ပြုရန် အဆိုတင်သွင်းရာ  လွှတ်တော်ကိုယ်စားလှယ် (၁)ဦးက ထောက်ခံပြီး ဥက္ကဋ္ဌ က လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော် က အတည်ပြုသည်။

၅။ အစည်းအဝေးကို ၁၂:၂၁ နာရီ အချိန်တွင် ရပ်နားပြီး ဒသမနေ့ အစည်းအဝေးကို ၂၄ -၅-၂၀၁၉ ရက်နေ့ (သောကြာနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

အမျိုးသားလွှတ်တော်