Share this

နဝမနေ့ အစည်းအဝေး အကျဉ်းချုပ်(၂၉.၁၁.၂၀၁၉)

Friday, November 29, 2019 - 12:27
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး

နဝမနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၁ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက်

(၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်)

[ သောကြာနေ့ ]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၁ဝးဝဝ နာရီ အချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါ သည်။

(က) ဦးကျော်နီနိုင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် ဒေသတစ်ခုလုံး လွှမ်းခြုံနိုင်သည့် ခရိုင်ရဲတပ်ဖွဲ့မှူး အဆင့်အထိ ခန့်အပ်ပေးနိုင်မည့် အစီအစဉ်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ က ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ခရိုင်အဆင့်လုပ်ပိုင်ခွင့်များကို ဆုံးဖြတ် ပေးနိုင်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရဲကွပ်ကဲမှုအဖွဲ့မှူးရုံး ၁ ရုံး အသစ် တိုးချဲ့ဖွင့်လှစ်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ လမ်းညွှန်ချက်ရရှိပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ခ) ဦးခင်ဇော်ဦး၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်အတွင်းရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြို့မစခန်းဝန်း(အောက်ဝန်း)နှင့် တရနာ ရဲစခန်းတို့တွင် ဝန်ထမ်းနေအိမ်များ အသစ်ပြန်လည် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ က ကျိုက်မရောမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့မရဲစခန်း (အပေါ်ဝင်း၊ အောက်ဝင်း)အတွက်  ၆ ခန်းတွဲ ၂ ထပ် ၁ လုံးနှင့် တရနာရဲကင်းစခန်း ၄ ခန်းတွဲ ၂ ထပ် ၁ လုံးတို့အား ဆောက်လုပ်ခွင့်ရရှိရေး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းမူလအသုံးစရိတ်တွင် လျာထားတင်ပြ တောင်းခံသွားမည်ဖြစ် ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဂ) ဦးမျိုးထပ်(ခ) ဆလိုင်းမျိုးထိုက်၊   ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏    ချင်းပြည်နယ်၊ ဟားခါးမြို့တွင် အကျဉ်းထောင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ က “ခ” အဆင့် ဟားခါးအကျဉ်းထောင်သစ် တည်ဆောက် ရန်အတွက် အဓိကလိုအပ်သောအချက်များနှင့် ကိုက်ညီမည့် မြေနေရာရရှိရေး အတွက် ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့်အကျဉ်းထောင်သစ် တည်ဆောက်ခြင်းအား လတ်တလောအခြေအနေတွင် ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း ရှင်းလင်းဖြေကြားသည်။ 

ဥပဒေကြမ်း ဆွေးနွေးခြင်း

၃။ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၂)ဦးက ဆွေးနွေးသည်။ 

၄။ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးစခင်ဇော်လင်း ၏ မြန်မာနိုင်ငံတွင် တစ်စတစ်စပြုန်းတီးလျက်ရှိသော ကြိုးဝိုင်း၊ ကြိုးပြင်တောများအပါအဝင် သစ်ပင်သစ်တောများ ပြန်လည်ရှင်သန် စိုပြည်လာစေရေးနှင့် သစ်ပင်သစ်တောများကို အခြေခံပြီး နိုင်ငံတော်၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် World Bank, ADB, WWF စသည့် နိုင်ငံတကာ အဖွဲ့အစည်းများထံမှ ငွေကြေးနှင့် နည်းပညာကူညီထောက်ပံ့မှုများဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အတွင်းရှိ သစ်တောဝန်ထမ်းများ၏ စွမ်းဆောင်ရည် (Capacity)၊ လုပ်ငန်းစဉ်များ (Functions) နှင့် ကျင့်ဝတ်သိက္ခာ (Ethics)များ ပိုမိုအဆင့်အတန်း မြင့်မားလာစေရန် အထူးသင်တန်းများပေးပြီး အားပေးစည်းရုံး ပညာပေးသင်ကြားရန်နှင့် ၎င်းသစ်တောဝန်ထမ်းများ လိုအပ်လျက်ရှိသော ခေတ်မီလက်နက်ကိရိယာ Facilities and equipments များကို စနစ်တကျ တပ်ဆင်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ် (၅)ဦး က ဆွေးနွေးသည်။

၅။ ယင်းအဆိုနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ပြန်လည်ဖြေရှင်းဆွေးနွေးပြီး အဆိုကိုအတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က အတည်ပြုသည်။

၆။ အစည်းအဝေးကို ၁၁:၁၇ နာရီ အချိန်တွင် ရပ်နားပြီး ဒသမနေ့အစည်းအဝေးကို ၂-၁၂-၂၀၁၉ ရက်နေ့ (တနင်္လာနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

အမျိုးသားလွှတ်တော်