Share this

ဒုတိယနေ့ အစည်းအဝေး အကျဉ်းချုပ် (၅.၁၁.၂၀၁၉)

Tuesday, November 5, 2019 - 12:46
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး

ဒုတိယနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၁ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၉ ရက်

(၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်)

[အင်္ဂါနေ့]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါ သည်။

(က)ဦးထွန်းထွန်းဦး၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၏ တရားဥပဒေကို မထီမဲ့မြင်ပြုကြသော ဝရမ်းပြေးကိစ္စရပ်များ လျော့နည်း ပပျောက်သွားစေရန် မည်ကဲ့သို့ ဆောင်ရွက်ထားသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီး ဦးမျိုးတင့် က ရာဇဝတ် ကျင့်ထုံးဥပဒေနှင့်အညီ ဝရမ်းထုတ်ဆင့်ခြင်း၊ ဝရမ်းအတည်ပြုဆောင်ရွက်ခြင်း၊ သတ်မှတ်သည့်အချိန်၊ သတ်မှတ်သည့်နေရာသို့ လာရောက်ရန် ကြေညာချက် ထုတ်ခြင်း၊ ရွှေ့ပြောင်းနိုင်သော၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းကို ဝရမ်းကပ်ရန် အမိန့်ထုတ်ဆင့်ခြင်း၊ စီမံခန့်ခွဲမှုပြုခြင်း၊ ရောင်းချခြင်း၊ အာမခံသူများကို ဒဏ်ကြေးပေးဆောင်စေရန်၊ ဒဏ်ကြေးပေးဆောင်ခြင်းမရှိပါက အပြေအကြေ ရရှိအောင်ဆောင်ရွက်ရန်၊ ဒဏ်ကြေးမရနိုင်သည့်အခြေအနေ ပေါ်ပေါက်ပါက ပေးဆောင်ရန်တာဝန်ရှိသူ(အာမခံသူများ)ကို တရားမထောင်တွင် ထောင်ဒဏ်(၆)လအထိကျခံစေရန် ဆောင်ရွက်နိုင်သည့်အတွက် သက်ဆိုင်ရာဥပဒေနှင့် အညီ တရားရုံးများက ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

(ခ)ဦးဘွဲခိန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ချင်းပြည်နယ်၊ ထန်တလန်မြို့၊ မြို့မဈေး အဆောက်အဦဟောင်းအား ဖျက်သိမ်းပြီး RC (၃)ထပ် အဆင့်မီ မြို့မဈေးအဖြစ် အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးညီထွန်း က စည်ပင် သာယာရေးကော်မတီမှ စိစစ်၍ ချင်းပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြလာပါက အစည်းအဝေး ဆုံးဖြတ်ချက်နှင့် ထန်တလန်မြို့၊ မြို့မဈေးအဆောက်အဉီ ဟောင်းအား ဖျက်သိမ်းပြီး RC(၃)ထပ် အဆင့်မီမြို့မဈေးအဖြစ် ဆောက်လုပ်ရန် အတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ အဆင့်ဆင့်စိစစ်၍ သင့်တော်သည့် ဘဏ္ဍာ ရေးနှစ်တွင် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဂ)ဒေါ်သီရိရတနာ၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ မွန်ပြည်နယ်၊ ဘီးလင်း မြို့နယ်တွင် သန့်ရှင်းသောရေ ရရှိရေးအတွက် ဘီးလင်းမြစ်ရေ သန့်စင်ရန် မည်ကဲ့သို့ Master Plan ချ စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့တို့ က မိမိတို့နှင့် သက်ဆိုင်သည့်လုပ်ငန်းအလိုက် စီမံဆောင်ရွက်လျက်ရှိပြီး  စီမံကိန်း လုပ်ငန်းများကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အထိ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆောင်ရွက်ပြီးစီးပါက သန့်ရှင်းသောသောက်သုံးရေ ရရှိနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဃ)ဦးခင်မျိုးဝင်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)၏ တနင်္သာရီ တိုင်းဒေသကြီး၊ ကော့သောင်းခရိုင်အတွင်းရှိ ခွင့်ပြုချက်လည်းမရှိ၊ လျှောက်ထား ခြင်းလည်းမရှိဘဲ ကျူးကျော်စိုက်ပျိုးထားသော ဆီအုန်းစိုက်ပျိုးရေး ကုမ္ပဏီကြီး များအား တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့် မည်ကဲ့သို့ အရေးယူဆောင်ရွက် ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က ခွင့်ပြုဧရိယာထက် ကျော်လွန်စိုက်ပျိုးထားသည့် ဧရိယာများနှင့်စပ်လျဉ်းပြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ စီစဉ်ဆောင်ရွက်လျက်ရှိနေဆဲ အခြေအနေဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ရှင်းလင်းဖြေကြားသည်။ 

(င)ဦးကျော်သန်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)၏ ရခိုင်ပြည်နယ်၊ ကျောက်ဖြူ မြို့နယ်၊ မင်းပြင်ကျေးရွာအုပ်စု၊ မင်းပြင်ကျေးရွာနေ တောင်သူ ဦးမောင်ဖြူဒေါင်း ပါ (၄)ဦးမှ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စိုက်ပျိုးလုပ်ပိုင်ခွင့်ရရန် လျှောက်ထား ခြင်းအပေါ် ကြန့်ကြာနေမှုနှင့် ပတ်သက်ပြီး သိရှိလိုသည့် မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က သီးခြားအဖွဲ့ဖြင့် ကန့်ကွက်မှုအပေါ်စစ်ဆေးပြီး ဥပဒေ၊ နည်းဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စဖြစ်ပြီး ယခု ရခိုင်ပြည်နယ် မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီမှ စိစစ်ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

ဥပဒေကြမ်း ဆွေးနွေးခြင်း

၃။ အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော လယ်ယာမြေ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၅)ဦးက ဆွေးနွေးသည်။

၄။ အစည်းအဝေးကို ၁၁:၂၆ နာရီ အချိန်တွင် ရပ်နားပြီး တတိယနေ့ အစည်းအဝေးကို ၇-၁၁-၂၀၁၉ ရက်နေ့ (ကြာသပတေးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

 

အမျိုးသားလွှတ်တော်