Share this

ဒုတိယနေ့ အစည်းအဝေး အကျဉ်းချုပ် (၂.၅.၂၀၁၉)

Thursday, May 2, 2019 - 12:40
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး

ဒုတိယနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၁ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက်

(၂၀၁၉ ခုနှစ်၊ မေလ ၂ ရက်)

[ ကြာသပတေးနေ့ ]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ၂၀၁၉ ခုနှစ်၊ မေလ ၂ ရက်နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည်။

(က)ဦးရဲထွဋ်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)၏ စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ လက်ပတောင်းတောင် ကြေးနီစီမံကိန်းအနီးရှိ ကျေးရွာ များတွင် စီမံကိန်းမှထွက်ရှိလာသော အက်ဆစ်ငွေ့များ၊ ယမ်းငွေ့များကြောင့် သစ်ပင်များ၊ ထန်းဥယျာဉ်များ၊ သီးနှံများ ခြောက်သွေ့သေဆုံးခြင်း၊ မိုင်းခွဲမှု တုန်ခါ အားကြောင့် မြေဆီလွှာပျက်စီးခြင်းနှင့် ရေဆိုးလွှတ်မှုကြောင့် လယ်ယာမြေများ ထိခိုက်ပျက်စီးမှုများအပေါ် အမြန်ဆုံးတားဆီးအရေးယူပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ က ကြေးနီတူးဖော်ထုတ်လုပ်မှု နည်းစဉ်အဆင့်ဆင့်ကို နိုင်ငံတော်၏ တည်ဆဲဥပဒေများ၊ စံချိန်စံညွှန်းများနှင့် အညီ ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်၏ အကျိုးစီးပွား၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကဏ္ဍ၊ သတ္တုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး၊ ဒေသခံပြည်သူလူထု၏ လူနေမှု အဆင့်အတန်း ပိုမိုမြင့်မားလာစေရေးတို့ကို ရည်ရွယ်ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

(ခ)ဦးစခင်ဇော်လင်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၏ တရားဝင် သစ်တောထွက်ပစ္စည်းများ ဥပဒေနှင့်အညီ ကူးသန်းရောင်းဝယ်ဖွံ့ဖြိုးရေးဆိုင်ရာ ကောင်းမွန်သော သစ်တောစီမံအုပ်ချုပ်လုပ်ကိုင်မှု တိုးမြှင့်ဆောင်ရွက်ခြင်းလုပ်ငန်း စဉ်အား မည်ကဲ့သို့ဆောင်ရွက်ထားရှိကြောင်း သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ က မြန်မာနိုင်ငံတွင် EU FLEGT VPA လုပ်ငန်းစဉ် အောင်မြင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် လွှတ်တော်အရပ်ရပ်တို့၏ အားပေးကြီးကြပ်လမ်းညွှန်မှုဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများ၊ FLEGT သုံးပွင့်ဆိုင်ညွန့်ပေါင်း အဖွဲ့များနှင့် ဆက်စပ်ပတ်သက်သူအားလုံးမှ တက်ညီလက်ညီ ဆက်လက် ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။

(ဂ)ဦးအောင်မျိုး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၏ စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်း၊ ပုလဲသွယ်စပ်မျိုးစပါး (GW-1) မျိုးစေ့ မသန့်ပြန့်မှု ကြောင့် နစ်နာဆုံးရှုံးခဲ့သော တောင်သူ(၁၉၈)ဦးအတွက် စပ်မျိုးစပါး ဖြန့်ဖြူး ရောင်းချသောကုမ္ပဏီမှ လျော်ကြေးရရှိရေး ကူညီဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က ဆွေးနွေးပွဲ သဘောတူ ဆုံးဖြတ်ချက်အရ   အကျိုးအမြတ်ကြီးစွာ ထိခိုက်ပျက်စီးမှုမရှိသည့် တောင်သူများအနေဖြင့် မျိုးစပါးဖိုးငွေ အပြေအကြေပေးသွင်းခဲ့ပြီး ကျေးရွာ(၄၇)အုပ်စုရှိ တင်ပြပါ တောင်သူ(၁၉၈)ဦး ထံမှ ကောက်ခံရန်ကျန်ရှိသည့် မျိုးစေ့ဖိုးကြွေးကျန်များအားလုံးကို ကုမ္ပဏီမှ ကောက်ခံခြင်းမပြုတော့ရန် အများသဘောတူ ဆုံးဖြတ်ဆောင်ရွက်ခဲ့ပြီးဖြစ် ကြောင်း ရှင်းလင်းဖြေကြားသည်။ 

(ဃ)ဒေါက်တာဇော်လင်းထွဋ်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် လယ်မြေဧက ၂၂၀၀၀ အတွက် ရေကြီးနစ်မြုပ်မှုနှင့် ရေငန် ဝင်ရောက်မှုမှကာကွယ်ရန် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာအရ သရက်တောနှင့် ပန်းတိမ်ကန် ရေထိန်း တံခါးအသစ်(၂)ခုအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က ဒီဇိုင်းပုံစံရေးဆွဲပြီးချိန်တွင် ခန့်မှန်း ကုန်ကျငွေတွက်ချက်ကာ လိုအပ်သည့်ရန်ပုံငွေကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်တွင် ထည့်သွင်း လျာထားတင်ပြတောင်းခံသွားပြီး ရန်ပုံငွေခွဲဝေရရှိမှုအရ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ရှင်းလင်းဖြေကြားသည်။ 

ဥပဒေကြမ်း တင်သွင်းခြင်း၊ အစီရင်ခံစာဖတ်ကြားရှင်းလင်းခြင်းနှင့် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်း

၃။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က ၂၀၁၉ ခုနှစ်၊ အပင်မျိုးသစ် အကာအကွယ်ပေးရေး ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းပြီး မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးအောင်ကြည်ညွန့် (ဥပဒေကြမ်း ကော်မတီဝင်)က ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းပြီး ဥက္ကဋ္ဌ က ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင် ကြောင်း ကြေညာသည်။

အစီရင်ခံစာဖတ်ကြားရှင်းလင်းခြင်း၊ အဆုံးအဖြတ် ရယူခြင်း၊ အဆိုတင်သွင်းခြင်းနှင့် ကြေညာခြင်း

 ၄။ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးအောင်သိန်း (ဥပဒေကြမ်း ကော်မတီဝင်) က တရားလွှတ်တော် ရှေ့နေများကောင်စီ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏  အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်းပြီး ယင်းဥပဒေကြမ်းအား အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြင်ဆင်ထားသည့်အတိုင်း အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော်က အတည်ပြုသည်။

၅။ အဆိုပါ ဥပဒေကြမ်း နှင့် စပ်လျဉ်း၍ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့်အချက်ကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက အဆို တင်သွင်းရာ ဥက္ကဋ္ဌ က ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။

၆။ အစည်းအဝေးကို ၁၁:၂၁ နာရီ အချိန်တွင် ရပ်နားပြီး တတိယနေ့ အစည်းအဝေးကို ၃-၅-၂၀၁၉ ရက်နေ့ (သောကြာနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

အမျိုးသားလွှတ်တော်