Share this

ဒသမနေ့ အစည်းအဝေး အကျဉ်းချုပ်(၁၇.၈.၂၀၁၈)

Friday, August 17, 2018 - 13:37
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးနဝမပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး

ဒသမနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၀ ပြည့်နှစ်၊ ဝါခေါင်လဆန်း ၆ ရက်

( ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၇ ရက် )

[သောကြာနေ့]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး ဒသမနေ့ကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည် - 

(က)ဒေါက်တာခင်မောင်ဝင်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)၏ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ပြည်သူ့ဆေးရုံကြီးအား အကြီးစားပြင်ဆင်မှုနှင့်အတူ ခုတင် ၁၀၀ ဆံ့မှ ခုတင် ၂၀၀ ဆံ့ ဆေးရုံကြီးအဖြစ် အဆင့်တိုးမြှင့်ပေး နိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ဆေးရုံခွင့်ပြု ခုတင် အသုံးချမှု ရာခိုင်နှုန်းမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၄/၂၀၁၆)မှ ဆုံးဖြတ်ချက်ဖြစ်သော ခုတင် အဆင့်မြှင့် တင်ရန် ခွင့်ပြုခုတင်အသုံးချမှုရာခိုင်နှုန်း အနည်းဆုံး(၁၅၀%) ရှိရမည့်အချက်နှင့် ပတ်သက်၍ ပြည့်မီရန် လိုအပ်လျက်ရှိပါသဖြင့် ကော့သောင်းမြို့ ပြည်သူ့ဆေးရုံ အား ခုတင် (၁၀၀)ဆံ့မှ ခုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံအဖြစ်သို့ တိုးမြှင့်ဖွင့်လှစ်နိုင်ရန် အစီအစဉ် မရှိသေးကြောင်း ဖြေကြားသည်။

( ခ )ဒေါက်တာလင်းဝေဖြိုးလတ်၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)၏ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ကန်ခေါင်းရပ်ကွက် ပြည်သူ့ဆေးရုံကြီး မိခင်နှင့် ကလေးကုသဆောင်တွင် အမှန်တကယ် လိုအပ်လျက်ရှိသော တိုးချဲ့လူနာ(၂)ထပ် ဆောင်တစ်ဆောင်ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က မြိတ်ပြည်သူ့ဆေးရုံကြီး (ရေပုန်းရပ်)တွင် အခြေခံ အဆောက်အဦများ ဖြည့်ဆည်းဆောင်ရွက်ရေးအတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာ ရေးနှစ်ကာလတွင် စတင်ဆောင်ရွက်လျက်ရှိပြီး တည်ဆောက်ပြီးစီးပါက ဆေးရုံ၏ လူနာကုသဝန်ဆောင်မှုများကို ပိုမိုဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်းနှင့် တိုးချဲ့လူနာဆောင် ဆောင်ရွက်ဆဲဖြစ်၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် လူနာကုသဆောင် ထပ်မံလျာထားခြင်းမရှိကြောင်း ဖြေကြားသည်။

( ဂ )ဦးစောချစ်ဦး၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့၊ ဇွဲမာန်အားကစားကွင်းအတွက် ပွဲကြည့်စင်တစ်ခု၊ ခြံစည်းရိုး ကာရံခြင်းနှင့် မြေထိန်းနံရံ ပြုလုပ်ခြင်းများ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ် ခွင့်ပြုရန်ပုံငွေစာရင်းတွင် လှိုင်းဘွဲ့မြို့ ဇွဲမာန်အားကစားကွင်းအတွက် ပွဲကြည့်စင်(၁)ခု၊ ခြံစည်းရိုးကာရံခြင်းနှင့် မြေထိန်းနံရံပြုလုပ်ခြင်း လုပ်ငန်းများအား ထည့်သွင်းလျာထား ရေးဆွဲတင်ပြသွားမည်ဖြစ်ပြီး ခွင့်ပြုချက်ရရှိပါက ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

အစီရင်ခံစာဖတ်ကြားရှင်းလင်းခြင်းနှင့် အဆုံးအဖြတ်ရယူခြင်း

၃။ဒေါက်တာမျိုးအောင်၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀) (ဥပဒေကြမ်း ကော်မတီဝင်) က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်းပြီး ဥက္ကဋ္ဌ က လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က အတည်ပြုသည်။

၄။ဒေါ်လှဌေး(ခ)ဒေါ်အုန်းကြည်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄) (ဥပဒေကြမ်း ကော်မတီဝင်) က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော အပြည်ပြည် ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်းပြီး ဥက္ကဋ္ဌ က လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က အတည်ပြုသည်။

အဆိုဆွေးနွေးခြင်း

၅။ ဦးမျိုးဝင်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ မြန်မာနိုင်ငံတွင် လယ်ယာဥယျာဉ်ခြံမြေများကို စည်းကမ်းမဲ့စွာ အကွက်ဖော် ရောင်းစားနေကြခြင်းတို့ကြောင့် စိုက်ပျိုးမြေများ အလျင်အမြန် လျော့နည်းလာခြင်း၊ မြို့ပေါ်နှင့်ကျေးရွာများတွင် နောင်တချိန်လိုအပ်ပါက အသုံးပြုနိုင်ရန် ချန်လှပေထားသော မြေလွတ်များ ပျောက်ဆုံးကုန်ခြင်း စသည်တို့နှင့် အဓိကသက်ဆိုင်သော စီမံခန့်ခွဲမှကော်မတီ၊ စည်ပင်သာယာရေးကော်မတီနှင့် လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီ အဆင့်ဆင့် (ကော်သုံးကော်)တို့၏ လျော့ရဲပြီး အဂတိတရားမကင်းသည့် လုပ်ဆောင်ချက်များကို ထိရောက်စွာ ထိန်းညှိပေးနိုင်မည့် အစီအမံတစ်ခုကို အလျင်အမြန် ရေးဆွဲပြဋ္ဌာန်း အကောင်အထည်ဖော်ပေးပါရန်  ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်(၅)ဦးက ဆွေးနွေးသည်။ ၆။ အစည်းအဝေးကို ၁၁၄၄ နာရီအချိန်တွင်ရပ်နားပြီး  (၁၁)ရက်မြောက်နေ့ အစည်းအဝေးကို ၂၁-၈-၂၀၁၈ ရက်နေ့ (အင်္ဂါနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

အမျိုးသားလွှတ်တော်