Share this

ဒသမနေ့ အစည်းအဝေးအကျဉ်းချုပ်(၂.၁၂.၂၀၁၉)

Monday, December 2, 2019 - 12:27
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး

ဒသမနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၁ ခုနှစ်၊ နတ်တော်လဆန်း ၆ ရက်

(၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်)

[ တနင်္လာနေ့ ]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါ သည်။

(က) ဦးမောင်ကျော်ဇံ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ ရခိုင်ပြည်နယ်အတွင်းရှိ ရှေးဟောင်းကျောက်ထွင်း ဘုရားဂူ(၁၀)ဂူကို အမျိုးသားယဉ်ကျေးမှု အမွေအနှစ် ဒေသများစာရင်းတွင် ထည့်သွင်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကြည်မင်း က ရှေးဟောင်းအဆောက်အအုံများသာဖြစ်သဖြင့် ဦးစီးဌာနမှ ထိန်းသိမ်းစောင့် ရှောက်သော ရှေးဟောင်းအဆောက်အအုံများစာရင်းတွင် ထည့်သွင်းပေးမည် ဖြစ်ပြီး အမျိုးသားယဉ်ကျေးမှု အမွေအနှစ်ဒေသအဖြစ် သတ်မှတ်ပေးနိုင်ခြင်း မရှိကြောင်း ရှင်းလင်းဖြေကြားသည်။

(ခ) ဦးစိုးသိန်း၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ နိုင်ငံတော်၏ စီးပွားရေး ကဏ္ဍတွင် Illicit Trade / Conflict Economy (အထူးသဖြင့် မူးယစ်ဆေးဝါး ရောင်းဝယ်မှု)ကို မည်ကဲ့သို့ ထိန်းချုပ်ထားသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး က တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရက  အရှိန်အဟုန်မြှင့်ဆောင်ရွက်နေပြီး ယင်းလုပ်ငန်းများ    ပိုမိုအောင်မြင်ရေးအတွက် ပြည်သူများ၊ လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ စာနယ်ဇင်းများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ က သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ပိုမိုတက်ကြွစွာပူးပေါင်းပါဝင် ဆောင်ရွက်ပေးသွားစေလိုကြောင်း ရှင်းလင်း ဖြေကြားသည်။

(ဂ) ဦးအောင်မျိုးလတ်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)၏ နိုင်ငံတကာ တွင် ခန့်အပ်ထားသော စီးပွားရေးသံမှူးများ ပို့ကုန်မြှင့်တင်ရေးအတွက် စိုက်ပျိုး သီးနှံများ ဈေးကွက်အသစ်ရရှိအောင် မည်သို့ဆောင်ရွက် ပေးနေသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး က စီးပွားရေးသံမှူးများအနေဖြင့် သက်ဆိုင်ရာနိုင်ငံအလိုက် စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များ၊ ဈေးကွက်သတင်းအချက်အလက်များကို အပတ်စဉ်၊ လစဉ်၊ (၆)လတစ်ကြိမ် ၊ (၁)နှစ်တစ်ကြိမ် အစီရင်ခံစာများ ပြုစုပေးပို့တင်ပြစေလျက်ရှိပြီး အများပြည်သူ သိရှိစေရန်အတွက်လည်း အပတ်စဉ်ထုတ်ဝေလျက်ရှိသည့် စီးပွားရေးသတင်း ဂျာနယ် (Commerce journal)တွင် ဖော်ပြခြင်း၊ ဈေးကွက်သတင်းလွှာများအား အင်တာနက်တွင် နေ့စဉ်၊ လစဉ် ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပြီး သက်ဆိုင်ရာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်၊ ကုမ္ပဏီများမှ သိရှိလိုသည့် စုံစမ်းမေးမြန်းလာမှုများကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ညီနောင်အသင်း အဖွဲ့များနှင့် ချိတ်ဆက်၍ ပြန်လည်းဖြေကြားခြင်းများကိုလည်း ဆောင်ရွက်ပေး လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။ 

(ဃ) ဦးလားလ်မင်းထန်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)၏ ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမကျင်းပမီ ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး ဖွင့်လှစ်ရုံးထိုင်ပေးရန်နှင့် ရုံးခွဲ အဆောက်အဦကို အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အဖွဲ့ဝင် ဦးစိုးရယ် က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးပိုင်မြေနေရာရရှိ ပါက အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေတင်ပြတောင်းခံ၍ ရရှိပါက အဆောက်အအုံဆောက်လုပ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။ 

(င) နော်ခရစ္စထွန်း(ခ)ဒေါက်တာအားကာမိုး၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)၏ သံတောင်ကြီးမြို့နယ်၊ သံတောင်မြို့၊ ပသီချောင်းနံဘေးတစ်လျှောက်တွင် ဇေကမ္ဘာကုမ္ပဏီမှ တည်ဆောက်ပြီးနှင့် တည်ဆောက်ဆဲ လမ်း၊ တံတား၊ ဈေးဆိုင်၊ ရေတံခွန်နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ တရားဝင်မှု ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင်၊ ဦးညီထွန်း  က လယ်ယာမြေဥပဒေ၊ သစ်တောဥပဒေနှင့် စည်ပင်သာယာရေးဥပဒေ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး ပြည်နယ်အစိုးရအဖွဲ့မှ သက်ဆိုင်ရာဌာနများသို့ အကြောင်းကြားထားပြီးဖြစ်ကြောင်း ကရင်ပြည်နယ်ကိုယ်စား ရှင်းလင်း ဖြေကြားသည်။ 

အဆုံးအဖြတ်ရယူခြင်း 

၃။ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ က အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော မြန်မာနိုင်ငံ လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်ကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော် က အတည်ပြုသည်။

အဆိုတင်သွင်းခြင်း၊ အဆုံးအဖြတ်ရယူခြင်းနှင့် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်း

၄။ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကိုကိုနိုင် က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်အသီးသီးတွင် အစိုးရအဆက်ဆက် အသုံးပြုခဲ့သော လက်ရှိ အသုံးပြုခြင်း မရှိတော့ဘဲ တဖြည်းဖြည်း ဟောင်းနွမ်းယိုယွင်းပျက်စီးနေပြီဖြစ်သည့် အဆောက်အဦများ တည်ရှိရာ ဝန်ကြီးဌာနပိုင်မြေများ၊ ကျေးရွာများရှိ စပါးဒိုင် အဆောက်အဦနှင့် မြေနေရာများအား မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အများပြည်သူ အကျိုး ဖြစ်ထွန်းသော လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရန် မြို့ပြမြေရှားပါးမှုကို ဖြေရှင်းနိုင်ရန် အတွက်လည်းကောင်း၊ မြို့စီမံခန့်ခွဲခွင့်ရ မြေနေရာများ(City Land) အဖြစ် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ပြန်လည်စွန့်လွှတ် လွှဲပြောင်းပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်း ကြောင်း အဆို တင်သွင်းရာ  လွှတ်တော်က လက်ခံဆွေးနွေးရန် ဆုံးဖြတ်သဖြင့် ဒုတိယဥက္ကဋ္ဌ က အဆိုနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင် ကြောင်း ကြေညာသည်။

၅။ အစည်းအဝေးကို ၁၁:၂၀ နာရီအချိန်တွင် ရပ်နားပြီး (၁၁)ရက်မြောက်နေ့ အစည်းအဝေးကို ၄-၁၂-၂၀၁၉ ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

အမျိုးသားလွှတ်တော်