Share this

တတိယနေ့ အစည်းအဝေး အကျဉ်းချုပ် (၇.၁၁.၂၀၁၉)

Thursday, November 7, 2019 - 12:46
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး

တတိယနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၁ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၁ ရက်

(၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်)

[ ကြာသပတေးနေ့ ]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

ကတိသစ္စာပြုခြင်းနှင့် လက်မှတ်ရေးထိုးခြင်း

၂။ ကတိသစ္စာ မပြုရသေးသော တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် လောင်းများက ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၃။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါ သည်။

(က)ဦးကျော်သန်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)၏ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် (၂)ထပ် ကျောင်းဆောင်သစ်တစ်ဆောင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က အခြေခံပညာဦးစီးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေ လျာထားဆောင်ရွက်ပြီးဖြစ်ပါသဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၏ ငွေလုံးငွေရင်း ရန်ပုံငွေခေါင်းစဉ်အောက်မှ ထပ်မံစိစစ်သွားမည်ဖြစ်ပြီး ခွင့်ပြုချက်ရရှိမှသာ ဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြား သည်။

(ခ)ဦးနိုင်သီဟ၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)၏ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ သောင်ပြင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)အား အခြေခံပညာ အထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က သတ်မှတ်မူနှင့် ကိုက်ညီမှု ရှိသဖြင့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ကျောင်းအဆင့်တိုးမြှင့်ခြင်းများ ဆောင်ရွက်သည့်အချိန်တွင် အမှုတွဲတင်ပြ လျှောက်ထားစေပြီး စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြား သည်။

(ဂ)ဦးကျော်တုတ်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏ အခြေခံပညာ သင်ရိုးညွှန်းတမ်းအသစ်တွင် ပါရှိသော ပန်းချီ၊ ဂီတ၊ ကာယ ဘာသာရပ်များကို အလေးအနက်ထား၍ ထိရောက်စွာ သင်ကြားနိုင်ရန် ဆရာ/ဆရာမများအား မည်သို့ စီမံဆောင်ရွက်ထားသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က အခြေခံပညာကျောင်း များရှိ ဆရာ၊ ဆရာမများသည် ပန်းချီ၊ ဂီတ၊ ကာယဘာသာရပ်များကို ကလေးများနှင့်အတူ ပူးပေါင်းဆောင်ရွက်သင်ကြားလျက်ရှိပြီး လိုအပ်ပါက ပန်းချီ၊ ဂီတ၊ ကာယဆိုင်ရာ ဘွဲ့ရရှိသူများအား ခွင့်ပြုခန့်ထားနိုင်မည့်ဦးရေအရ ယှဉ်ပြိုင်ရွေးချယ်၍ သင်တန်းပေးပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ခန့်ထားနိုင်ရန် ညှိနှိုင်းစီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

(ဃ)ဦးဟန်ဝင်းသိန်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ ၂၀၁၉ ခုနှစ်၊ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေအရ ကျောက်မျက်ရတနာကြီးကြပ်ရေး ဗဟို ကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့်သာ လုပ်ဆောင်ရမည်ဖြစ်သော်လည်း လက်ရှိ မြေပြင်တွင် ဌာနမှလုပ်ကွက်တိုင်းတာခြင်း၊ လုပ်ကွက်အမျိုးအစား ခွဲခြားသတ်မှတ် ခြင်းများ ပြုလုပ်နေသည်မှာ ဥပဒေနှင့်အညီ ဆောင်ရွက်နေခြင်း ဟုတ်/မဟုတ် သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ က နည်းဥပဒေများ ရေးဆွဲနေစဉ် မူလရတနာနယ်မြေများအတွင်း သက်ဆိုင်ရာဌာန၊ အဖွဲ့များမှ ကိုယ်စားလှယ်များပါဝင်သောအဖွဲ့က ကွင်းဆင်းတိုင်းတာပြီး ပြည်ထောင်စု ဝန်ကြီးဌာနက သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များနှင့် ညှိနှိုင်း၍ ကျောက်မျက်ရတနာ လုပ်ကွက်အမျိုးအစားအလိုက် လုပ်ကိုင်ခွင့်ပြုမည့် ဧရိယာများကို သတ်မှတ်ခြင်းသည် မြန်မာ့ကျောက်မျက်ရတနာ ဥပဒေနှင့် ကိုက်ညီပြီး ပိုမိုကောင်းမွန်သော စီမံခန့်ခွဲမှုများ ရရှိစေရန်အတွက် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။ 

(င)ဦးစောမိုးမြင့်(ခ)ဆင်မြူရယ်၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)၏ တနင်္သာရီ တိုင်းဒေသကြီးရှိ ဟိန္ဒားသတ္တုတွင်းအား သတ္တုလက်ကျန် ပြန်လည်စိစစ်ရန် အစီအစဉ် ရှိ/မရှိ နှင့် သတ္တုရှာဖွေ စမ်းသပ်ထုတ်လုပ်ရန် စိတ်ဝင်စားသည့် လုပ်ငန်းရှင်များအား Expression of Interest (EOI) ခေါ်ယူရန် အစီအစဉ် ရှိ/မရှိ  မေးခွန်းတို့နှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ က သတ္တုဖြစ်ထွန်းမှုလက်ကျန် ကို စိစစ်ဆောင်ရွက်လျက်ရှိနေပြီး ဟိန္ဒားသတ္တုတွင်းကို  စိတ်ဝင်စားသည့် လုပ်ငန်းရှင်များအား Expression of Interest (EOI) ခေါ်ယူရန် အစီအစဉ်မရှိ သေးကြောင်း ရှင်းလင်းဖြေကြားသည်။

ဥပဒေကြမ်း ဆွေးနွေးခြင်း

၄။ မြန်မာနိုင်ငံ ဘူမိသိပ္ပံကောင်စီ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၅)ဦးက ဆွေးနွေးသည်။

အဆို တင်သွင်းခြင်း၊ အဆုံးအဖြတ် ရယူခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း

၅။ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးစခင်ဇော်လင်း က မြန်မာနိုင်ငံတွင်   တစ်စတစ်စပြုန်းတီးလျက်ရှိသော ကြိုးဝိုင်း၊ ကြိုးပြင်တောများအပါအဝင် သစ်ပင်သစ်တောများ ပြန်လည်ရှင်သန် စိုပြည်လာစေရေးနှင့် သစ်ပင်သစ်တောများကို အခြေခံပြီး နိုင်ငံတော်၏ ဖွံ့ဖြိုးရေး လုပ်ငန်းများလုပ်ဆောင်နိုင်ရန် World Bank, ADB, WWF စသည့် နိုင်ငံတကာအဖွဲ့အစည်းများထံမှ ငွေကြေးနှင့်နည်းပညာ ကူညီထောက်ပံ့မှုများဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအတွင်းရှိ သစ်တော ဝန်ထမ်းများ၏ စွမ်းဆောင်ရည် (Capacity)၊ လုပ်ငန်းစဉ်များ (Functions)နှင့် ကျင့်ဝတ်သိက္ခာ (Ethics)များ ပိုမိုအဆင့်အတန်း မြင့်မားလာစေရန် အထူးသင်တန်းများပေးပြီး အားပေးစည်းရုံး ပညာပေးသင်ကြားရန်နှင့် ၎င်းသစ်တောဝန်ထမ်းများ လိုအပ်လျက်ရှိသော ခေတ်မီလက်နက် ကိရိယာ Facilities and equipments များကို စနစ်တကျတပ်ဆင်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆို တင်သွင်းရာ  လွှတ်တော်က လက်ခံဆွေးနွေးရန် ဆုံးဖြတ်သဖြင့် အဆိုနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ဥက္ကဋ္ဌ က ကြေညာသည်။

၆။ အစည်းအဝေးကို ၁၁:၁၇ နာရီ အချိန်တွင် ရပ်နားပြီး စတုတ္ထနေ့ အစည်းအဝေးကို    ၁၄-၁၁-၂၀၁၉ ရက်နေ့ (ကြာသပတေးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

အမျိုးသားလွှတ်တော်