Share this

တတိယနေ့ အစည်းအဝေး အကျဉ်းချုပ် (၃.၅.၂၀၁၉)

Friday, May 3, 2019 - 12:30
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး

တတိယနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၁ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၄ ရက်

(၂၀၁၉ ခုနှစ်၊ မေလ ၃ ရက်)

[ သောကြာနေ့ ]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး တတိယနေ့ကို ၂၀၁၉ ခုနှစ်၊ မေလ ၃ ရက်နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် အတည်ပြုချက် ရယူခြင်း

၂။ ဥက္ကဋ္ဌ က အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီတွင် အဖွဲ့ဝင်နေရာ အစားထိုး ပြင်ဆင်ဖွဲ့စည်းခြင်းကို လွှတ်တော်သို့ တင်ပြပြီး လွှတ်တော်၏ အတည်ပြုချက် ရယူရာ လွှတ်တော် က  အတည်ပြုသည်။

မေးခွန်းမေးမြန်းခြင်းနှင့်ဖြေကြားခြင်း

၃။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်းအစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည်-

(က)ဦးမင်းဦး၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)၏ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်နှင့် ထန်းတပင်မြို့နယ်တို့တွင် တည်ရှိသော ကျွဲပွဲ - မြို့စိုး - ဇရပ်ကြီးလမ်းပိုင်းနှင့် ၎င်းလမ်းပေါ်ရှိ တံတားများအား ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြီးစီးအောင် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က လမ်းပေါ်ရှိ တံတားအားလုံးကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်ပေးနိုင်ခြင်းမရှိကြောင်း၊ ကျန်ရှိသောကျောက်ချောလမ်း  (၃.၂၇)  ဖာလုံ နှင့်တံတားများအား အဆင့်မြှင့်တင်တည်ဆောက်နိုင်ရန် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်တွင် ရန်ပုံငွေလျာထားတင်ပြတောင်းခံသွားမည်ဖြစ်ပြီး ရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ခ)ဦးမြင့်နိုင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ရခိုင်ပြည်နယ်၊ ကျောက်တော် မြို့နယ်အတွင်း ကျေးရွာချင်းဆက်လမ်းဖြစ်သည့် ပိန္နဲချောင်း-ကြောင်စွယ်ဖြူလမ်း (၁၉)မိုင်ထဲမှ ကွန်ကရစ်လမ်း(၂)မိုင်၊ ကျောက်ချောလမ်း(၂)မိုင်နှင့် မြေသားလမ်း (၂)မိုင် တို့ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က ပိန္နဲချောင်း-ကြောင်စွယ်ဖြူလမ်းအား ကျောက်တန်းကျေးရွာမှ စစ်အောင်ကျေးရွာအထိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း (၁)မိုင် (၅)ဖာလုံနှင့် သာဒါဆိပ်ကျေးရွာမှ ကသစ်တောကျေးရွာအထိ မြေသားလမ်းဖောက်လုပ်ခြင်း လုပ်ငန်း (၂)မိုင်တို့ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေတွင်  ထည့်သွင်းလျာထားပြီး ခွဲဝေရရှိမှုအပေါ်မူတည်၍ အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဂ)ဦးမင်းဆွေနိုင်၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)၏ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဘီလူးကျေးရွာအုပ်စု၊ ဘီလူးကျေးရွာမှ အင်းတော်ကြီးဒေသ နန့်မွန်းကျေးရွာအုပ်စုသို့ ချိတ်ဆက်ထားသော ဘီလူး - အုံးစံဆိုင် - နန့်မွန်း ကျောက်ချောလမ်းအား ကတ္တရာလမ်း သို့မဟုတ် ကွန်ကရစ်လမ်းအဖြစ် အဆင့် မြှင့်တင်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က  ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကွန်ကရစ်လမ်းသစ်ခင်းခြင်း၊ ကျောက်ချောလမ်း လမ်းပေါက်များဖာထေးခြင်း၊ ဆောင်ရွက်ရန်အတွက်  ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေတွင် တင်ပြတောင်းခံ ထားပြီး ရရှိမှုအပေါ်မူတည်၍ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအား ဆောင်ရွက် မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဃ)ဦးမောင်မောင်လတ်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)၏ စစ်ကိုင်း တိုင်းဒေသကြီး၊ တမူးမြို့နယ်၊ မြို့မ(၁၃)ရပ်ကွက် နန်းဖာလုံနှင့် သာယာကုန်း ကျေးရွာသို့ ဆက်သွယ်ထားသော လမ်းမပေါ်ရှိ ချောင်းကူးတံတားအား အသစ် ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က လမ်းအဆင့် သတ်မှတ်ချက်အရ Class (A) ဦးစားပေးအဆင့်(၁) လမ်းပေါ်တွင် တည်ရှိသဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ရရှိမှုအပေါ်မူတည်၍ ကွန်ကရစ်တံတားအဖြစ် အသစ် ပြန်လည်တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(င)ဦးလင်းတင်ဌေး၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ မွန်ပြည်နယ်၊ မော်လမြိုင် ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကမာကေး-ကွင်းကလိန်-ဆယ်ပလာလမ်းပိုင်း အား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ကတ္တရာလမ်းခင်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦကျော်လင်း က လမ်းအဆင့်သတ်မှတ်ချက်အရ Class (A) ဦးစားပေးအဆင့်(၁) တွင် ပါဝင်သဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်အစိုးရရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ခွဲဝေရရှိမှုအပေါ်မူတည်၍ ကတ္တရာလမ်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြား သည်။

အဆို တင်သွင်းခြင်း၊ အဆုံးအဖြတ် ရယူခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း

၄။ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါက်တာတင်တင်ဝင်း က ကျေးလက်နေ အမျိုးသမီးများ၏ လူနေဘဝမြှင့်တင်ရန် စီးပွားရေးတွင် တစ်နိုင်တစ်ပိုင်ပါဝင်ရန် နေရပ်စွန့်ခွာ၍ ရေမြေခြား အလုပ်သွားလုပ်ခြင်းကို လျှော့ချနိုင်ရန်နှင့် အမျိုးသမီးများအတွက် ပတ်ဝန်းကျင်ကောင်း တစ်ခု ဖန်တီးပေးရန် အိမ်တွင်းစီးပွားရေး လုပ်ငန်းများဖော်ဆောင်ဖို့ အသိပေးခြင်း၊ နည်းပညာ ပေးခြင်း၊ ရင်းနှီးရန်ပုံငွေကြေး  ရှာဖွေခြင်း၊ ကုန်ကြမ်းကို ဒေသထွက်အဖြစ် ဖော်ထုတ်ပေးခြင်း၊ ဈေးကွက်ဖော်ဆောင်ပေးခြင်း၊ ဈေးကွက်တည်တံ့အောင် ဆောင်ရွက်ပေးခြင်း၊ သက်ဆိုင်ရာဌာန များ စုပေါင်း၍ ဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆို တင်သွင်းပြီး လက်ခံဆွေးနွေးရန် သင့် မသင့် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လက်ခံဆွေးနွေးရန် ဆုံးဖြတ်သဖြင့် ဥက္ကဋ္ဌ က ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

၅။ အစည်းအဝေးကို ၁ဝ:၅၄ နာရီ အချိန်တွင် ရပ်နားပြီး စတုတ္ထနေ့ အစည်းအဝေးကို ၈-၅-၂၀၁၉ရက်နေ့(ဗုဒ္ဓဟူးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

အမျိုးသားလွှတ်တော်