Share this

ဆဋ္ဌမနေ့ အစည်းအဝေး အကျဉ်းချုပ် (၃၁.၇.၂၀၁၉)

Wednesday, July 31, 2019 - 13:43
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချူပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး

ဆဋ္ဌမနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၁ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၅ ရက်

(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်)

[ဗုဒ္ဓဟူးနေ့]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါ သည်-

(က)ဒေါ်နွယ်နွယ်အောင်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)၏ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ဖားအောက်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)ကို အခြေခံပညာအလယ်တန်းကျောင်းအဖြစ် ၂၀၁၉ - ၂၀၂၀ စာသင်နှစ်တွင် အဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့်ပြုပေးပါရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ကျောင်းအဆင့် တိုးမြှင့်ခြင်းဆိုင်ရာ သတ်မှတ်မူနှင့် ကိုက်ညီမှုမရှိပါသဖြင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် အဆင့်တိုးမြှင့်ပေးခဲ့သည့် ကျောင်းများ စာရင်းတွင် ပါဝင်မှုမရှိခဲ့ကြောင်း၊ အဆိုပါကျောင်းသည် အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) ဖြစ်သည့်အတွက် အလယ်တန်းပညာရပ်များကို သင်ယူခွင့်ရရှိနေသည့် အခြေအနေတွင်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

(ခ)ဦးအောင်မျိုး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၏ စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ပိတောက်ခေါင်းကျေးရွာအုပ်စု၊ မေဂွန်ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းအား အရေးပေါ် အမြန်ဆုံးပြုပြင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ကျောင်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လိုအပ်သောရန်ပုံငွေအား ခွဲဝေပေးခဲ့ပြီးဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဂ)ဦးမျိုးဝင်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ မြန်မာနိုင်ငံအတွင်းရှိ အခြေခံ ပညာကျောင်းများ၌ လိုအပ်လျက်ရှိသည့် ကျောင်းဆောင်များကို တင်ပြတောင်းခံ ရာတွင် တွက်ချက်မှုများကို ပညာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာတစ်နိုင်ငံလုံး အတွက် တစ်ပြေးညီ မူဝါဒတစ်ခု ချမှတ်လုပ်ဆောင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က မြန်မာတစ်နိုင်ငံလုံးအတွက် စာသင်ကျောင်းများ ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်ပြီး “လုံခြုံဘေးကင်းပြီး ကလေးပျော်စံပြ စာသင်ကျောင်းဆောက်လုပ်ရေး လမ်းညွှန်စာအုပ်” အား ရေးဆွဲပြုစုထားပြီး စာအုပ်ပါအချက်များနှင့်အညီ ရရှိသောဘဏ္ဍာငွေအပေါ်မူတည်၍ အတတ်နိုင်ဆုံး အကောင်အထည်ဖော် ဖြည့်ဆည်းဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်း ဖြေကြားသည်။

(ဃ)ဦးခင်မောင်လတ်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ မြန်မာနိုင်ငံတွင် နိုင်ငံခြားအကူအညီ၊ နိုင်ငံတကာ အဖွဲ့အစည်းများ အကူအညီဖြင့် ပူးပေါင်း ဖွင့်လှစ်သင်ကြားသော AGTI/GTC အဆင့် စက်မှုသိပ္ပံကျောင်းပေါင်း မည်မျှ ရှိသည်နှင့် ရခိုင်ပြည်နယ်တွင် ယင်းကဲ့သို့ ကျောင်းအမျိုးအစားတစ်ကျောင်း ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍  ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအနေဖြင့် ရခိုင်ပြည်နယ်အတွင်း အစိုးရစက်မှုလက်မှုသိပ္ပံ ကျောင်းများဖြစ်သော ကျောက်ဖြူ၊ သံတွဲ၊ စစ်တွေ တို့ကို ဖွင့်လှစ်ထားရှိပြီး ပုံမှန် အင်ဂျင်နီယာသင်တန်းများနှင့် ဒေသလိုအပ်ချက်နှင့်ကိုက်ညီသော ကာလတို သက်မွေးပညာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ ကျောင်းသစ်တစ်ကျောင်း ပူးပေါင်းဖွင့်လှစ်ရန် ကမ်းလှမ်းလာပါက  စီမံကိန်းအဆိုပြုလွှာအား ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် နိုင်ငံတကာအဖွဲ့အစည်းတို့ အပြန်အလှန် ပေးပို့ဆောင်ရွက်ပြီး သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း၏ သဘောတူလက်ခံ အတည်ပြုချက်ရရှိပြီးမှသာ သက်ဆိုင်ရာဝန်ကြီးဌာနအဆင့်ဆင့်၏ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများအရ အစိုးရအဖွဲ့အစည်းအဝေး၏  သဘောတူခွင့်ပြုချက် နှင့်သာ ဆောင်ရွက်နိုင်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

ဥပဒေကြမ်း ဆွေးနွေးခြင်း

၃။ သွင်းကုန်ပမာဏ မြင့်တက်ခြင်းမှ ကာကွယ်ပေးမှု ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၅)ဦးက ဆွေးနွေးသည်။

အဆို ဆွေးနွေးခြင်းနှင့် အဆုံးအဖြတ် ရယူခြင်း

၄။ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါက်တာတင်တင်ဝင်း က ကျေးလက်နေ အမျိုးသမီးများ၏ လူနေမှုဘဝမြှင့်တင်ရန် စီးပွားရေးတွင် တစ်နိုင်တစ်ပိုင်ပါဝင်ရန် နေရပ်စွန့်ခွာ၍ ရေမြေခြား အလုပ်သွားလုပ်ခြင်းကို လျှော့ချနိုင်ရန်နှင့် အမျိုးသမီးများအတွက် ပတ်ဝန်းကျင်ကောင်း တစ်ခု ဖန်တီးပေးရန် အိမ်တွင်းစီးပွားရေးလုပ်ငန်းများ ဖော်ဆောင်ဖို့ အသိပေးခြင်း၊ နည်းပညာပေးခြင်း၊ ရင်းနှီးရန်ပုံငွေကြေး ရှာဖွေပေးခြင်း၊ ကုန်ကြမ်းကို ဒေသထွက်အဖြစ် ဖော်ထုတ်ပေးခြင်း၊ ဈေးကွက် ဖော်ဆောင်ပေးခြင်း၊ ဈေးကွက်တည်တံ့အောင် ဆောင်ရွက်ပေးခြင်း၊ သက်ဆိုင်ရာဌာနများ စုပေါင်း၍ ဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ် (၅)ဦးက ဆွေးနွေးသည်။

၅။ ယင်းအဆိုနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က ပြန်လည်ရှင်းလင်းဆွေးနွေးပြီး အဆိုကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော် က အတည်ပြုသည်။

အဆို တင်သွင်းခြင်း၊ ထောက်ခံခြင်း၊ အဆုံးအဖြတ် ရယူခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း 

၆။ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးခင်ဝင်း က ရှေးအစဉ်အဆက် အသုံးပြုခဲ့သော ကျေးလက်နေ ပြည်သူများထိန်းသိမ်းသည့် မိုးရေကန်များ၊ သောက်သုံးရေကန် များ၊ ဆည်ငယ်/တမံငယ်များကို ရေချိုမိုးရေ စုဆောင်းသိုလှောင်ရန်၊ သောက်သုံးရေရရှိရန်၊ မြေအောက်ရေ ဖြည့်ဆည်းရန်၊ လုပ်ကွက်ငယ် တောင်သူများ စိုက်ပျိုးရေရရှိရန်၊ သဘာဝဂေဟ စနစ် မပျက်ရန်အတွက် ကန်တူးပေးခြင်း၊ ကန်ပေါင်ဆယ်ပေးခြင်း၊ ကန်ငယ်၊ ဆည်ငယ်၊ တမံငယ် များကို ပြုပြင်ထိန်းသိမ်းရန်နှင့် အသစ်တိုးချဲ့ တည်ဆောက်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆို တင်သွင်းရာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံပြီး လက်ခံ ဆွေးနွေးရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ အတည်ပြုသဖြင့် ဥက္ကဋ္ဌ က အဆိုနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

၇။ အစည်းအဝေးကို ၁၂:၄၇ နာရီ အချိန်တွင် ရပ်နားပြီး သတ္တမနေ့ အစည်းအဝေးကို ၂-၈-၂၀၁၉ ရက်နေ့ (သောကြာနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

အမျိုးသားလွှတ်တော်