Share this

ဆဋ္ဌမနေ့ အစည်းအဝေး အကျဉ်းချုပ် (၁၅.၅.၂၀၁၉)

Wednesday, May 15, 2019 - 13:48
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး

ဆဋ္ဌမနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၁ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်

(၂၀၁၉ ခုနှစ်၊ မေလ ၁၅ ရက်)

[ ဗုဒ္ဓဟူးနေ့ ]

 

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ၂၀၁၉ ခုနှစ်၊ မေလ ၁၅ ရက်နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့်ဖြေကြားခြင်း

၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်းအစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည်-

(က)ဦးထိန်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ ဧရာဝတီတိုင်း ဒေသကြီး၊ ဟင်္သာတမြို့နယ်အတွင်းရှိ ပဲကြီးကျွန်း-ပေါက်တပင်-ဆိပ်သာ-ကြွက်ကျွန်းလမ်းကြောင်းအား လွန်ခဲ့သည့်(၂)နှစ်ခန့်က World Bank အကူအညီ ဖြင့်ဖောက်လုပ်ရန် ကွင်းဆင်း၍ Survey တိုင်းထွာခဲ့သော်လည်း ယနေ့တိုင် အကောင်အထည်ဖော် ဆောင်ရွက်မှု မရှိသေးသဖြင့် မည်သို့ ဆောင်ရွက်ပေး မည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က လတ်တလော အကောင်အထည်ဖော်ဆောင်ရွက် ပေးရန် အစီအစဉ် မရှိသေးကြောင်း ရှင်းလင်းဖြေကြားသည်။

(ခ)ဦးကျော်နီနိုင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ရန်ကုန်-မန္တလေး    အမြန်လမ်းမကြီး လမ်းလယ်ကျွန်းများ ပြုပြင်မွမ်းမံခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က အမြန်လမ်းမကြီး ပေါ်၌ မော်တော်ယာဉ်များ အရှိန်ပြင်းစွာ မောင်းနှင်မှုကြောင့် လမ်းလယ်ကျွန်း ဘက်သို့ ယိမ်းယိုင်၍ နံဘေးတစ်ဖက်တစ်ချက်ရှိ Curb တုံးအား ပွတ်တိုက်မိ၍ တာယာပွင့် တိမ်းမှောက်ခြင်း၊ လမ်းလယ်ကျွန်းပေါ်သို့ ယာဉ်များ အရှိန်လွန် ဝင်ရောက်ခဲ့ပါက မူလယာဉ်သွားလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိနိုင် စေရန်၊ မော်တော်ယာဉ်များအရှိန်လွန်ကာ Raised Median ၏ Curb တုံးများနှင့် တိုက်မိခြင်းမှ သက်သာနိုင်စေရန်နှင့် အသက်ဆုံးရှုံးသည်အထိ မဖြစ်စေဘဲ ထိခိုက်မှုအား လျှော့ချနိုင်ရန်တို့အတွက် လိုအပ်ချက်အရ Depressed Median , Flexible Barrier များနှင့် Guardrail များအား တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဂ)ဦးမင်းဆွေနိုင်၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)၏ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန်းမားကျေးရွာအုပ်စု၊ နန်းခမ်းကျေးရွာနှင့် လယ်မီးကျေးရွာ အုပ်စု၊ ကျွန်းပင်သာကျေးရွာသို့ ချိတ်ဆက်ထားသော ကျေးရွာချင်းဆက်(ကုန်ထုတ်) မြေသားလမ်းအား ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က လမ်းအဆင့်သတ်မှတ်ချက်အရ Class (A)ဦးစားပေးအဆင့်(၂) တွင် ပါဝင်သဖြင့် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ခွဲဝေရရှိမှုအပေါ်မူတည်၍ အကောင်အထည် ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဃ)ဦးမျိုးထပ်(ခ)ဆလိုင်းမျိုးထိုက်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏    ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ ကယက်- ဆားဒီ - ဝါဒိုင်ကုန်း - ဝါလောင်ကုန်း - ရွှေပြည်ကုန်း - စင်လီ - ပါဆင်းကျေးရွာများကြား ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကားလမ်းဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်  စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က ကယက်- ဆားဒီ - အာကီကုန်း လမ်းပိုင်းအရှည် (၃)မိုင်(၅)ဖာလုံအား လမ်းသစ် ဖောက်လုပ်ရန်နှင့် ဆားဒီ - ဝါဒိုင်ကုန်း လမ်းပိုင်းအရှည် (၄)မိုင်(၂)ဖာလုံအား လမ်းတာချဲ့ရန်အတွက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင်လည်းကောင်း၊ ကျန်ရှိ သော အာကီကုန်း- ဝါဒိုင်ကုန်းလမ်း ပိုင်းအရှည် (၇)မိုင်အား ၂၀၂၀  - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်လည်းကောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး  ခွဲဝေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(င)ဦးမာန်လောမောင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ မိတ္ထီလာမြို့မှ နေပြည်တော်သို့ အမြန်လမ်းအဝင်ဂိတ်တွင် ကံကောင်း Mini Toll Gate Class 2 မှ လမ်းမကြီး အသုံးပြုခ ၁၀၀၀ ကျပ် နှင့် နောက်ဂိတ်တစ်ခုတွင် လမ်းဦးစီး ဌာနမှ ၂၀၀၀ ကျပ် ကောက်ခံသည့် ငွေကြေးများ မည်မျှရရှိသည်၊ နိုင်ငံတော် အတွက် မည်သို့အသုံးပြုသည်ကို ပွင့်လင်းမြင်သာမှုရှိပြီး ပြည်သူများသိရှိအောင် စာရင်းရှင်းတမ်း ထုတ်ပြန်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က ကောက်ခံ ရရှိသည့် လမ်းအသုံးပြုခ နေ့စဉ်ဝင်ငွေများကို သက်ဆိုင်ရာမြို့နယ်အလိုက် မြန်မာ့စီးပွားရေးဘဏ်များသို့ ဘဏ်စာရင်းဖွင့်၍ နေ့စဉ်တိုက်ရိုက်ပေးသွင်းလျက် ရှိပြီး ပေးသွင်းငွေများကို နိုင်ငံတော်ရငွေအဖြစ်ဖော်ပြ၍ ဆောက်လုပ်ရေးဝန်ကြီး ဌာနအနေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းစီမံကိန်းများအတွက် ရန်ပုံငွေတင်ပြ တောင်းခံပြီး ခွဲဝေရရှိမှုအပေါ်မူတည်၍ သုံးစွဲမှုများပြုလုပ်ကြောင်း ရှင်းလင်း ဖြေကြားသည်။

(စ) ဦးမောင်မောင်လတ်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)၏ တည်ဆဲ ဥပဒေနှင့်နည်းဥပဒေများကို ချိုးဖောက်၍ သတ္တုကျောက်မီးသွေးများ စုပုံသယ်ယူ နေခြင်းနှင့် ခွင့်ပြုချက်မရဘဲ မြေလွတ်၊ မြေရိုင်းများ အရောင်းအဝယ် ပြုလုပ်ခဲ့ ခြင်းအား ဥပဒေအရ အရေးယူဆောင်ရွက် ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ က စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့သည် နှစ်ရှည်သီးနှံပင်စိုက်ပျိုးခွင့်ရရှိသည့် ဧရိယာအတွင်း ကျောက်မီးသွေး စုပုံထားရှိသူအားဖယ်ရှားရန် အကြောင်းကြားထားသော်လည်း  ဖယ်ရှားမှုမရှိသည့်အတွက် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန က တရားစွဲဆိုသွားရန်အကြောင်းကြားထားကြောင်း၊ မြေလွတ်မြေလပ်နှင့် မြေရိုင်းများအား ခွင့်ပြုချက်မရမီ ကြိုတင်အသုံးပြုနေသူမှ   ကျောက်မီးသွေး စုပုံခြင်း၊ နေအိမ်အဆောက်အအုံများ ဆောက်လုပ်အသုံးပြုခြင်းများကို အပြီးတိုင် ဖယ်ရှားပေးမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်ထံ အသနားခံတင်ပြ ထားသဖြင့် တရားစွဲဆိုမည့်လုပ်ငန်းအား ရွှေ့ဆိုင်းပေးထားပြီး သတ်မှတ်ရက် အတွင်း ဖယ်ရှားပေးခြင်းမရှိပါက တရားစွဲဆို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဆ)ဒေါက်တာခွန်ဝင်းသောင်း၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ တစ်သျှူး ငှက်ပျောများ ထပ်မံတိုးချဲ့စိုက်ပျိုးခြင်း မပြုရဟူသည့် ကချင်ပြည်နယ်အစိုးရ၏ တားမြစ်ချက်ကိုဖောက်ဖျက်ပြီး ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန် မြို့၊ တာဆိုင်၊ တိန်းပကျိုင်းကျေးရွာ ဒေသတစ်ဝိုက်တွင် သတ္တုတူးဖော်ရေးလုပ်ငန်း အမည်ခံ ပန်းမြတ်မာလာကုမ္ပဏီမှ တရားမဝင် စိုက်ပျိုးလုပ်ကိုင်နေခြင်းအပေါ် အမြန်ဆုံးအရေးယူ ဖြေရှင်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ က လက်ရှိစိုက်ပျိုးမြေမှအပ ထပ်မံတိုးချဲ့စိုက်ပျိုးခြင်း မပြုလုပ်ရန် သိရှိကြောင်း ဝန်ခံလက်မှတ်ရေးထိုးထားပြီးဖြစ်သော်လည်း ကုမ္ပဏီ အနေဖြင့် လိုက်နာဆောင်ရွက်မှုမရှိသည့်အတွက် တည်ဆဲဥပဒေများနှင့်အညီ တရားစွဲဆိုနိုင်ရန် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တင်ပြ လာမှုအပေါ် မြို့နယ်၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက် များအရ မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ ပြဋ္ဌာန်းသည့်နေ့မှစ၍ (၆)လအတွင်း သတ်မှတ်ချက်နှင့်အညီ ဗဟို ကော်မတီ သို့မဟုတ် သက်ဆိုင်ရာ  စီမံခန့်ခွဲရေးကော်မတီသို့ လျှောက်ထား ရမည်ဟု ဆုံးဖြတ်ခဲ့ပြီး မိုးမောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ညွှန်ကြားထားပြီးဖြစ်သည်ဟု ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဖြေကြားထား ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဇ) ဦးအေးမင်းဟန်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)၏ မြန်မာ့ဆားလုပ်ငန်း ဖွံဖြိုးတိုးတက်လာရန်နှင့် နိုင်ငံတကာအဆင့်မီ စားပွဲတင်ဆားများ ထုတ်လုပ် နိုင်ရန်အတွက် နိုင်ငံတော်မှ ထိရောက်သည့် နည်းပညာနှင့် အရင်းအနှီးများ ပံ့ပိုးပေးရန်၊ ပြည်ပမှ တရားမဝင် ဝင်ရောက်လာသောဆားများကို တားဆီး ပေးရန်နှင့် ဆားကို ကုန်ကြမ်းအဖြစ် အသုံးပြုပြီး ကုန်ချောထုတ်လုပ်သည့် စက်မှုလုပ်ငန်းများ တည်ထောင်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ က ပြည်ပမှတင်သွင်းသည့် ဆားများသည် နေလှန်းဆားများမဟုတ်ဘဲ Iodized Refined Salt ရေကူးကန် သုံးဆား၊ စက်မှုလုပ်ငန်းသုံးဆား၊ ဆေးဝါးလုပ်ငန်းသုံးဆားသာဖြစ်ကြောင်း၊ နိုင်ငံပိုင်ဆားကွင်းများကို ပုဂ္ဂလိကသို့ လွှဲပြောင်းပြီးဖြစ်ခြင်း၊ ဆားအခွန်အခ များကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေ အစီအစဉ်များသို့ ထည့်သွင်းခြင်းများကြောင့် နည်းပညာမြင့် Iodized Refined Salt များ ထုတ်လုပ်မှုနှင့်ပတ်သက်ပြီး ဆားလုပ်ငန်းရှင်များအသင်းနှင့် ဆားထုတ်လုပ် သည့် လုပ်ငန်းရှင်များက တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်း၍ သက်ဆိုင်ရာအစိုးရအဖွဲ့များက ပံ့ပိုးကူညီမှုနှင့် ဆောင်ရွက် သွားမည်ဆိုပါက ဝန်ကြီးဌာနအနေဖြင့် နည်းပညာအကူအညီပေးသွားမည်ဖြစ် ကြောင်း ရှင်းလင်းဖြေကြားသည်။

ဥပဒေကြမ်း တင်သွင်းခြင်း၊ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းခြင်းနှင့် အမည်စာရင်း တင်သွင်း နိုင်ကြောင်း ကြေညာခြင်း

၃။ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့် က ပြည်ထောင်စု တရားစီရင်ရေး ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား လွှတ်တော်သို့ တင်သွင်းရာ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးအောင်သိန်း (ဥပဒေကြမ်း ကော်မတီဝင်) က ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏  အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းပြီး  ဥက္ကဋ္ဌ က ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည် စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

အဆို ဆွေးနွေးခြင်း

၄။ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမောင်မောင်အုန်း က မြန်မာ့ ပင်လယ်ဆိပ်ကမ်း တစ်ခုဖြစ်သော ရခိုင်ပြည်နယ်၊ မဒေးကျွန်း ရေနက်ဆိပ်ကမ်းမှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ရေနံစိမ်းများကို ပိုက်လိုင်းမှတစ်ဆင့် သယ်ယူရန်အတွက် တန်ချိန်သုံးသိန်းခန့် အရွယ်ရှိ ဧရာမဆီတင်သ‌ေင်္ဘာကြီးများ ယင်းဆိပ်ကမ်းသို့ ဝင်ရောက်လျက်ရှိရာ၊ ကြီးမားသည့် မတော်တဆ ထိခိုက်မှုအန္တရာယ်များ အချိန်မရွေးဖြစ်ပေါ်စေနိုင်ပြီး၊ ပမာဏများပြားသော ဆီယိုဖိတ်မှု များ (Heavy Oil Pollution) ဖြစ်ပေါ်နိုင်စေရာ ပင်လယ်ကမ်းရိုးတန်းနှင့် ဆက်စပ်လျက်ရှိသည့် ပြည်နယ်၊ တိုင်းဒေသကြီးများ၏ သဘာဝသယံဇာတနှင့် အကျိုးစီးပွားများကို ကာကွယ်ပေးနိုင်ရန် အတွက် ပြည်ထောင်စုအစိုးရမှ အချိန်မီနှင့်အမြန်ဆုံး အန္တရာယ်ကာကွယ်တားဆီးရေးကိစ္စများကို ကြိုတင်စီမံခြင်းနှင့် ပြည့်စုံလုံလောက်သော ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များကိုလည်း အချိန်နှင့်တစ်ပြေးညီ စီမံရေးဆွဲပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်(၅)ဦး က ဆွေးနွေးသည်။

၅။ အစည်းအဝေးကို ၁၂:၃၇ နာရီ အချိန်တွင် ရပ်နားပြီး သတ္တမနေ့ အစည်းအဝေးကို ၁၇-၅-၂၀၁၉ ရက်နေ့ (သောကြာနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

အမျိုးသားလွှတ်တော်