Share this

ဆဋ္ဌမနေ့ အစည်းအဝေး အကျဉ်းချုပ်(၂၂-၁၁-၂၀၁၉)

Friday, November 22, 2019 - 13:16
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး

ဆဋ္ဌမနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၁ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်

(၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်)

[ သောကြာနေ့ ]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၁ဝးဝဝ နာရီ အချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါ သည်။

(က)နော်ခရစ္စထွန်း(ခ)ဒေါက်တာအားကာမိုး၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)၏ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်သင်တန်းများအတွက် သင်တန်းသားများ ခေါ်ယူရာတွင် ပွင့်လင်းမြင်သာမှု မရှိခြင်းနှင့် မမျှမတ ဖြစ်ပေါ်နေမှုများကို စီမံကြပ်မတ်ဆောင်ရွက်ပေးရန်နှင့် ဖွံ့ဖြိုးမှုနည်းပါးသော တိုင်းရင်းသားဒေသများမှ ဦးစားပေးခေါ်ယူပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က သင်တန်းသားရွေးချယ်ရေး ဗဟိုကော်မတီ၏ ညွှန်ကြားချက်နှင့်အညီ စနစ်တကျ ဖွဲ့စည်းထားရှိ၍ သင်တန်းဝင်ခွင့်အရည်အချင်း သတ်မှတ်ချက်များနှင့်အညီ သင်တန်းသား၊ သင်တန်းသူများ အချိုးကျ မျှမျှတတနှင့် ဒေသခံတိုင်းရင်းသား အားလုံးပါဝင်နိုင်ရေး စိစစ်ရွေးချယ်ခြင်းဖြင့် သင်တန်းများဝင်ခွင့် ရွေးချယ်ရေး ကိစ္စရပ်များကို စနစ်တကျစီမံဆောင်ရွက်လျက်ရှိကြောင်း ကရင်ပြည်နယ် အစိုးရ၏ ဖြေကြားချက်အရ ရှင်းလင်းဖြေကြားသည်။

(ခ)ဦးဟန်ဝင်းသိန်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့နှင့် တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ပေါက်ပင်ကွင်း ကျေးရွာတို့ ဆက်သွယ်သည့်လမ်းအား ပြည်နယ်နှင့် တိုင်းဒေသကြီး ဆက်သွယ် သည့် လမ်းအဖြစ်သတ်မှတ်၍ ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က မြေယာကိစ္စများ ရှင်းလင်းဆောင်ရွက်ပြီးစီးမှု အထောက်အထားများနှင့်တကွ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရမှတစ်ဆင့် သတ်မှတ်စီမံကိန်း အဆိုပြုလွှာပုံစံများဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာနသို့ တင်ပြပေးရန် လိုအပ်မည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဂ)ဦးခင်မျိုးဝင်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)၏ တနင်္သာရီတိုင်း ဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်အတွင်း ဆီအုန်းစိုက်ပျိုးရေးကုမ္ပဏီရှိ မြေလွတ်၊ မြေရိုင်း လုပ်ပိုင်ခွင့်ရရှိသောမြေပေါ်တွင် ယခုအချိန်ထိ ဆီအုန်းပင်များ စိုက်ပျိုး ထားခြင်းမရှိသေးသော မြေယာများကို ပြန်လည်သိမ်းဆည်းပေးရန်နှင့်   ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ၊ နည်းဥပဒေများအရ လျှောက်ထား၍ လယ်ယာမြေ လုပ်ပိုင်ခွင့်ပုံစံ(၇)ရရှိပြီး စိုက်ပျိုးလုပ်ကိုင်နေသောတောင်သူများအား တရားစွဲဆို နေခြင်းကို တည်ဆဲဥပဒေများနှင့်အညီ မည်သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က  ကုမ္ပဏီမှ တရားစွဲဆိုမှုကြောင့် တရားရင်ဆိုင် ဖြေရှင်းရမှုကိစ္စတွင် သက်ဆိုင်ရာတရားရုံး၏ အဆုံးအဖြတ်နှင့်အညီ ဆက်လက် စီမံဆောင်ရွက်သွားရမည်ဖြစ်ပြီး တရားစွဲဆိုမှုနှင့် ဆက်စပ်သည့် အငြင်းပွားမြေ များနှင့် စပ်လျဉ်း၍ တည်ဆဲဥပဒေဖြစ်သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေအရ အထူးအဖွဲ့ဖြင့် စစ်ဆေးတွေ့ရှိချက် အဖြေပေါ်တွင် မူတည်ပြီး အဖြစ်မှန်ကို ဖြေရှင်းဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။

(ဃ)ဦးအောင်မျိုး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၏ စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုခရိုင်အတွင်း ၂၀၁၈-၂၀၁၉ ခုနှစ် သဘာဝဘေးဒဏ်ကြောင့် သီးနှံများ ပျက်စီးမှုအပေါ် နိုင်ငံတော်သမ္မတ၏ အထူးရန်ပုံငွေမှ ထောက်ပံ့ကြေးငွေ ပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ ပြန်လည်စိစစ်သုံးသပ်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က အမှန်တကယ်နစ်နာကြေး၊ လျော်ကြေးရထိုက်သူ များကို စိစစ်ပြီးလျှင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စိစစ်အတည်ပြုချက်ဖြင့်  ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြဆောင်ရွက်ပြီး ကွင်းဆင်းဝန်ထမ်းများ၊ သီးနှံ ဆိုင်ရာပညာရှင်များ၊ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ တောင်သူများ၏ ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် စီမံခန့်ခွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။ 

(င)ဒေါက်တာဝင်းမြင့်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)၏ ပြည်ပနိုင်ငံ များမှ ပြည်တွင်းသို့ (မျိုးရိုးနိမ့်) ဝက်သားပေါက်များ တင်သွင်းလာမှုကို ရပ်ဆိုင်း ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က ပြည်ပမှ ဝက်အရှင် တင်သွင်းမှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်အတိုင်း  (၂၀)ကီလိုဂရမ် နှင့်အောက် စီးပွားဖြစ် အသားတိုးဝက်ပေါက်များ တင်သွင်းမှုကို လုပ်ဆောင် သွားမည်ဖြစ်ကြောင်းနှင့် ရပ်ဆိုင်းပေးရန် အစီအစဉ်မရှိကြောင်း ရှင်းလင်း ဖြေကြားသည်။

အစီရင်ခံစာ ဖတ်ကြား ရှင်းလင်းခြင်း၊ အဆုံးအဖြတ် ရယူခြင်းနှင့် အဆို တင်သွင်းခြင်း

၃။ ဒေါ်ကျိန်ငိုက်မန်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၇) (ဥပဒေကြမ်းကော်မတီဝင်) က လယ်ယာမြေ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏  အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်းပြီး ဥက္ကဋ္ဌ က ယင်း ဥပဒေကြမ်းအား အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြင်ဆင်ထားသည့်အတိုင်း အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော် က အတည်ပြုသည်။

၄။ အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့ သဘောကွဲလွဲသည့်အချက်ကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက အဆိုတင်သွင်းရာ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့်အချက်ကို ပြည်ထောင်စုလွှတ်တော်သို့တင်ပြရန် ဆုံးဖြတ်ကြောင်း ဥက္ကဋ္ဌ က ကြေညာသည်။

အသိပေး တင်ပြခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း

၅။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော မြန်မာနိုင်ငံ လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို အသိပေးတင်ပြပြီး ယင်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

၆။ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးစခင်ဇော်လင်း က မြန်မာနိုင်ငံတွင် တစ်စတစ်စပြုန်းတီးလျက်ရှိသော ကြိုးဝိုင်း၊ ကြိုးပြင် တောများအပါအဝင် သစ်ပင်သစ်တောများ ပြန်လည်ရှင်သန် စိုပြည်လာစေရေးနှင့် သစ်ပင်သစ်တောများကို အခြေခံပြီး နိုင်ငံတော်၏ ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် World Bank, ADB, WWF စသည့် နိုင်ငံတကာအဖွဲ့အစည်းများထံမှ ငွေကြေးနှင့် နည်းပညာ ကူညီထောက်ပံ့မှုများဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအတွင်းရှိ သစ်တော ဝန်ထမ်းများ၏ စွမ်းဆောင်ရည် (Capacity)၊ လုပ်ငန်းစဉ်များ (Functions) နှင့် ကျင့်ဝတ်သိက္ခာ (Ethics)များ ပိုမိုအဆင့်အတန်း မြင့်မားလာစေရန် အထူး သင်တန်းများပေးပြီး အားပေးစည်းရုံး ပညာပေးသင်ကြားရန်နှင့် ၎င်းသစ်တောဝန်ထမ်းများ လိုအပ်လျက်ရှိသော ခေတ်မီလက်နက်ကိရိယာ Facilities and equipments များကို စနစ်တကျတပ်ဆင်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ် (၄)ဦးက ဆွေးနွေးသည်။

၇။ အစည်းအဝေးကို ၁၂:၁၂ နာရီ အချိန်တွင် ရပ်နားပြီး သတ္တမနေ့ အစည်းအဝေးကို ၂၅-၁၁-၂၀၁၉ ရက်နေ့ (တနင်္လာနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

 

အမျိုးသားလွှတ်တော်