Share this

စတုတ္ထနေ့ အစည်းအဝေး အကျဉ်းချုပ် (၈.၅.၂၀၁၉)

Wednesday, May 8, 2019 - 12:27
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး

စတုတ္ထနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၁ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်

(၂၀၁၉ ခုနှစ်၊ မေလ ၈ ရက်)

[ ဗုဒ္ဓဟူးနေ့ ]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ၂၀၁၉ ခုနှစ်၊ မေလ ၈ ရက်နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့်ဖြေကြားခြင်း

၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်းအစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည်-

(က)ဦးမျိုးထပ်(ခ) ဆလိုင်းမျိုးထိုက်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဝက်မကျေးရွာအုပ်စု၊ ဝက်မကျေးရွာကျေးလက် ကျန်းမာရေးဌာန(ခွဲ)အား ကျေးလက်ကျန်းမာရေးဌာနအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အမျိုးသားကျန်းမာရေးစီမံကိန်းနှင့် ညှိနှိုင်း၍ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဖွဲ့စည်းပုံစိစစ်ရေး အဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနသို့ လည်းကောင်း၊ အဆောက်အဦအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့သို့ မြေနေရာ လုံလောက်မှုရှိ/မရှိ၊ အဆောက်အဦ ထပ်မံဆောက်လုပ်ရန် လိုအပ်ချက်ရှိ/မရှိ၊ နယ်မြေဒေသ အခြေအနေနှင့် မြေပြင်အမှန်တကယ်လိုအပ်မှု ရှိ/မရှိ တို့ကို သဘောထားမှတ်ချက်များ တောင်းခံ၍ ပြန်ကြားချက်(ထောက်ခံချက်) ရရှိလျှင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့တင်ပြ၍  ခွင့်ပြုချက်ရရှိပါက လုပ်ထုံးလုပ်နည်း နှင့်အညီ ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေးသို့ ဆက်လက်တင်ပြ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ခ)ဦးသိမ်းဆွေ၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)၏ ဧရာဝတီတိုင်း ဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ အမာမြို့နယ်ခွဲ၊ နောက်မီးကျေးရွာတွင် တိုက်နယ်ဆေးရုံတစ်ခုချထားပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ၂၀၁၉ ခုနှစ်မူအရ တိုက်နယ်ဆေးရုံ ဖွင့်လှစ်ရန်အတွက် လူဦးရေအနည်းဆုံး သုံးသောင်းရှိရမည့်အချက် ပြည့်မီရန် လိုအပ်နေပါသဖြင့် တိုက်နယ်ဆေးရုံဖွင့်လှစ်နိုင်ရန် သင့်လျော်မှုမရှိသေးကြောင်း ရှင်းလင်းဖြေကြားသည်။

(ဂ)ဦးကျော်သောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)၏ စစ်ကိုင်းတိုင်း ဒေသကြီး၊ မြောင်မြို့နယ်၊ တွင်းကြီးကျေးရွာအုပ်စုရှိ ကျေးလက် ကျန်းမာရေး ဌာန(ခွဲ)အား ကျေးလက်ကျန်းမာရေးဌာနအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေး က ကျေးလက်ကျန်းမာရေးဌာနအဖြစ်သို့ အဆင့်တိုးမြှင့် ဖွင့်လှစ်ပါက လက်ရှိဖွင့်လှစ်ထားသော မကျီးဘုတ်ကျေးလက် ကျန်းမာရေးဌာန အတွက် ဧရိယာနှင့် လူဦးရေလွှမ်းခြုံမှုနည်းပါးသွားမည်ဖြစ်ပါ၍ တွင်းကြီးကျေးလက် ကျန်းမာရေးဌာနခွဲအား ကျေးလက်ကျန်းမာရေးဌာနအဖြစ်သို့ အဆင့်တိုးမြှင့်ဖွင့်လှစ် ပေးရန် မဖြစ်နိုင်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တင်ပြထားပါသဖြင့် တိုးမြှင့်ဖွင့်လှစ်ပေးနိုင်ခြင်းမရှိသေးကြောင်း ရှင်းလင်း ဖြေကြားသည်။

(ဃ)ဒေါ်သီရိရတနာ၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ နိုင်ငံတစ်ဝန်း အသစ် ထပ်မံဆောက်လုပ်မည့် ဆေးရုံနှင့်စာသင်ကျောင်းများ၊ ဌာနဆိုင်ရာ အဆောက်အဦ များအပါအဝင် နိုင်ငံပိုင်အဆောက်အဦများတွင် မသန်စွမ်းသူများ လွယ်ကူ အဆင်ပြေစွာ အသုံးပြုနိုင်ရန်အတွက် လျှောက်လမ်းပါဝင်သော အထောက်အကူပြု ပုံစံမျိုး ထည့်သွင်းဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က အထပ်မြင့်ဆုံး၊ အဆောက်အဦများအတွက် ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ ဓါတ်လှေကားစနစ်ပါဝင်သော အဆောက်အဦများ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ရှင်းလင်းဖြေကြားသည်။

(င)ဦးလှဦး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ လေးမြေကျေးရွာအုပ်စု၊ လေးမြေကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာန(ခွဲ) ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြထားပြီးဖြစ်ကြောင်း၊ ခွင့်ပြုချက်ရရှိပါက ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်တင်ပြဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြား သည်။

အဆုံးအဖြတ် ရယူခြင်း၊ အဆိုတင်သွင်းခြင်း၊ ထောက်ခံခြင်းနှင့် အတည်ပြုခြင်း

၃။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း(၂၀၁၉) အား တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော် က အတည်ပြုပြီး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း က ယင်းဥပဒေကြမ်းအား အတည်ပြုရန် အဆိုတင်သွင်းရာ လွှတ်တော် ကိုယ်စားလှယ်(၁)ဦးက ထောက်ခံပြီး လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော် က အတည်ပြုသည်။

အဆိုတင်သွင်းခြင်း၊ အဆုံးအဖြတ် ရယူခြင်းနှင့် အမည်စာရင်းတင်သွင်းနိုင်ကြောင်းကြေညာခြင်း

၄။ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမောင်မောင်အုန်း က မြန်မာ့ပင်လယ် ဆိပ်ကမ်းတစ်ခုဖြစ်သော ရခိုင်ပြည်နယ်၊ မဒေးကျွန်းရေနက်ဆိပ်ကမ်းမှ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့ ရေနံစိမ်းများကို ပိုက်လိုင်းမှတစ်ဆင့်  သယ်ယူရန်အတွက် တန်ချိန်သုံးသိန်းခန့်အရွယ်ရှိ ဧရာမ ဆီတင်သ‌ေင်္ဘာကြီးများ ယင်းဆိပ်ကမ်းသို့ ဝင်ရောက်လျက်ရှိရာ၊ ကြီးမားသည့် မတော်တဆ ထိခိုက်မှုအန္တရာယ်များ အချိန်မရွေးဖြစ်ပေါ်စေနိုင်ပြီး၊ ပမာဏများပြားသော ဆီယိုဖိတ်မှုများ (Heavy Oil Pollution) ဖြစ်ပေါ်နိုင်စေရာ ပင်လယ်ကမ်းရိုးတန်းနှင့် ဆက်စပ်လျက်ရှိသည့် ပြည်နယ်၊ တိုင်းဒေသကြီးများ၏ သဘာဝသယံဇာတနှင့် အကျိုးစီးပွားများကို ကာကွယ်ပေးနိုင်ရန် အတွက် ပြည်ထောင်စုအစိုးရမှ အချိန်မီနှင့် အမြန်ဆုံး အန္တရာယ်ကာကွယ်တားဆီးရေးကိစ္စများကို ကြိုတင်စီမံခြင်းနှင့် ပြည့်စုံလုံလောက်သော ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များကိုလည်း အချိန်နှင့်တစ်ပြေးညီ စီမံရေးဆွဲပေးရန် ပြည်ထောင်စုအစိုးရအားတိုက်တွန်းကြောင်း အဆို တင်သွင်းပြီး လက်ခံ ဆွေးနွေးရန် သင့် မသင့် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လက်ခံ ဆွေးနွေးရန် ဆုံးဖြတ်သဖြင့် ဥက္ကဋ္ဌ က ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

၅။ အစည်းအဝေးကို ၁၁:၁၇ နာရီ အချိန်တွင် ရပ်နားပြီး ပဉ္စမနေ့ အစည်းအဝေးကို ၁ဝ-၅-၂၀၁၉ ရက်နေ့(သောကြာနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

အမျိုးသားလွှတ်တော်