Share this

စတုတ္ထနေ့ အစည်းအဝေး အကျဉ်းချုပ် (၂၅.၇.၂၀၁၉)

Thursday, July 25, 2019 - 12:12
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချူပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး

စတုတ္ထနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၁ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ ရက်

(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်)

[ ကြာသပတေးနေ့ ]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါ သည်။

(က)ဦးဘွဲခိန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ချင်းပြည်နယ်၊ ထန်တလန် မြို့နယ်ရှိ ထန်ဟောရ်ချောင်းအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကွန်ကရစ် တံတားတစ်စင်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က လမ်းအဆင့် သတ်မှတ်ချက်အရ Class(A) ဦးစားပေးအဆင့်(၂)တွင်ပါဝင်သဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နောက်ပိုင်းကာလများ၌  ချင်းပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ခွဲဝေရရှိမှုအပေါ်မူတည်၍ ကွန်ကရစ်တံတားအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြား သည်။

(ခ)ဦးရဲထွဋ်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)၏ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်ရှိ ယမားချောင်းအား တံတားတစ်စင်း ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က လမ်းအဆင့်သတ်မှတ်ချက်အရ Class(A) ဦးစားပေးအဆင့်(၁)၌ ပါရှိသဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ခွဲဝေ ရရှိမှုအပေါ်မူတည်၍ သံကူကွန်ကရစ်ရေနိမ့်တံတား (Submersible Bridge) အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။

(ဂ)ဦးမျိုးဝင်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ မွန်ပြည်နယ်၊ ရေးမြို့မှ ခေါဇာမြို့သို့ ဆက်သွယ်ထားသည့် ကတ္တရာလမ်းအား တစ်ဖက်လျှင် (၁)ပေခွဲစီ သို့မဟုတ် (၃)ပေစီ တိုးချဲ့ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က ကတ္တရာလမ်း တိုးချဲ့ပေးခြင်းလုပ်ငန်းအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေ လျာထားခြင်းမရှိသေးကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် လျာထား တင်ပြတောင်းခံသွားမည်ဖြစ်ပြီး  ခွဲဝေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဃ)ဦးလားလ်မင်းထန်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)၏ ချင်းပြည်နယ်၊ မတူပီမြို့နယ်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အမည်မပေါက်သေးသော ကျေးရွာများအား အမည်ပေါက် ကျေးရွာများအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့် က မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ ခွင့်ပြုမိန့်ရရှိပါက ကျေးရွာအမည်ပေါက်ရရှိရေး အမှုတွဲအား အဆင့်ဆင့်ဆက်လက်တင်ပြသွားရန် စီစဉ်ထားရှိပြီးဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့၏ ပေါင်းစပ်ဖြေကြားချက်အရ ရှင်းလင်းဖြေကြားသည်။

(င)ဦးဝင်းမောင်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)၏ မကွေးတိုင်း ဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ စလင်းမြို့ပေါ် (၆)ရပ်ကွက်တို့တွင် လူဦးရေ တိုးတက်များပြားလာသည့်အတွက် မြို့ကွက်သစ် ဖော်ထုတ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့် က တောင်သူများ၏ပုံစံ(၇)ရရှိထားသော လယ်ယာမြေ များသာဖြစ်၍ မြေကွက်ဖော်ထုတ်ရန် အခက်အခဲရှိကြောင်း၊ မြို့နှင့်ဆက်စပ် တည်ရှိသော ကျေးရွာများအား ထပ်မံတိုးချဲ့ပြင်ဆင်ဖွဲ့စည်းနိုင်ရေးအတွက် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု၊ ကျေးရွာများ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်း ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပေါင်းစပ်ဖြေကြားချက်အရ ရှင်းလင်း ဖြေကြားသည်။

ဥပဒေကြမ်း တင်သွင်းခြင်း၊ အစီရင်ခံစာဖတ်ကြားရှင်းလင်းခြင်းနှင့် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်း

၃။ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့် က စကားရပ် ပြောင်းလဲသတ်မှတ်သည့် ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းပြီး ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးကျော်ကျော် (ဥပဒေကြမ်းကော်မတီဝင်)က ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းပြီး ဒုတိယဥက္ကဋ္ဌ က ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

၄။ အစည်းအဝေးကို ၁၁:၀၅ နာရီ အချိန်တွင် ရပ်နားပြီး ပဉ္စမနေ့ အစည်းအဝေးကို ၂၉-၇-၂၀၁၉ ရက်နေ့ (တနင်္လာနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

အမျိုးသားလွှတ်တော်