စမ်းသပ်ထုတ်လွှင့်ခြင်းဖြစ်ပါသည်။

Share this

တတိယနေ့ အစည်းအဝေး အကျဉ်းချုပ်(၃၀.၇.၂၀၁၈)

Monday, July 30, 2018 - 12:42
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးနဝမပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး

တတိယနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၀ ပြည့်နှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၃ ရက်

( ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက် )

[တနင်္လာနေ့]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး တတိယနေ့ကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည် - 

(က)ဦးမြင့်နိုင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ကျေးရွာများဖြစ်သည့် ဆန်းသစ်ပြင်ကျေးရွာ၊ သင်္ဘောကွေးကျေးရွာ၊ သုံးခွ(ခ)ကွင်းကြီး (ရခိုင်)ကျေးရွာများကို ပြည်ထဲရေးဝန်ကြီးဌာန၏ ကျေးရွာအမည်စာရင်းတွင် ထည့်သွင်းပေးနိုင်ရေးနှင့် လက်ရှိကျေးရွာများ၏ မြေများအား ရွာမြေအဖြစ် သတ်မှတ်ပေးရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ က ကျောက်တော်မြို့နယ်ရှိ ဆန်းသစ်ပြင်ကျေးရွာနှင့် ကွင်းကြီး(ရခိုင်)ကျေးရွာတို့သည် ပြည်ထဲရေးအမည်ပေါက်ကျေးရွာများဖြစ်၍ သင်္ဘောကွေးကျေးရွာသည် မြို့သစ်ရပ်ကွက် ဧရိယာအတွင်း ပါဝင်ပြီးဖြစ်သည့်အပြင် စားကျက်မြေဧရိယာအတွင်း တည်ရှိနေသဖြင့် စားကျက်မြေပယ်ဖျက်ခွင့်ရရှိရေးအတွက် ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကွင်းကြီး(ရခိုင်)ကျေးရွာတို့သည် ပီချောင်း ကြိုးပြင်ကာကွယ်တောဧရိယာအတွင်း ပါဝင်နေသဖြင့် သစ်တောမြေအဖြစ် ပယ်ဖျက်ရေး အဆင့်ဆင့်တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ပေါင်းစပ်ဖြေကြားချက်အရ ရှင်းလင်းဖြေကြားသည်။

( ခ )ဦးဝင်းမောင်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)၏ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ ရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များ၏ အိမ်ရာများကို ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အသစ်တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ က (၆)ခန်းတွဲ (၂)ထပ်(၁)လုံးအား ဆောက်လုပ်ပေးရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ၊ ငွေလုံးငွေရင်း(မူလ) အသုံးစရိတ်တွင် တင်ပြတောင်းခံသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

( ဂ )ဦးကျော်သောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)၏ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းနယ်မြေရဲစခန်းနှင့် ရွာသစ်ကြီးနယ်မြေ ရဲစခန်းများအတွက် လိုအပ်လျက်ရှိသည့်ရုံး၊ လူနေ အဆောက်အဦနှင့် ရဲအချုပ်ခန်းများ အသစ်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ က မင်းကွန်းနယ်မြေ ရဲစခန်းတွင် စခန်းရုံး(အချုပ်ပါ) (၁)ထပ် သံကူကွန်ကရစ်(၁)လုံးနှင့် (၆)ခန်းတွဲ (၄)ထပ်  သံကူကွန်ကရစ်(၁)လုံးတို့အားလည်းကောင်း၊ ရွာသစ်ကြီးနယ်မြေ ရဲစခန်းတွင် စခန်းရုံး(အချုပ်ပါ) (၁)ထပ် သံကူကွန်ကရစ်(၁)လုံးနှင့် (၆)ခန်းတွဲ (၄)ထပ်  သံကူကွန်ကရစ်(၁)လုံးတို့အား ဆောက်လုပ်ပေးနိုင်ရေးအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ (အောက်တိုဘာလမှ စက်တင်ဘာလအထိ)  ငွေလုံးငွေရင်း (မူလ) အသုံးစရိတ်မှ လျာထားတင်ပြတောင်းခံသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

  (ဃ) ဦးကျော်သန်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)၏ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ပေါ်ရှိ ဂေါက်ကလပ်ကွင်း၌ အရက်၊ ဘီယာဆိုင် ဆောက်လုပ်ရောင်းချခွင့် ရှိ/မရှိနှင့် တာဝန်ရှိ ခွင့်ပြုသူများကို အရေးယူပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ က ဂေါက်ကလပ်အဆောက်အဦ ဆောက်လုပ်ခွင့်ရရှိရေးအား ဂေါက်ကလပ် ကော်မတီမှ မြို့နယ်စည်ပင်သာယာရေးအဖွဲ့သို့   ဆောက်လုပ်ခွင့်တင်ပြထားရာ အဆောက်အဦ  ဒီဇိုင်း၊ မြေပိုင်ဆိုင်မှု အထောက်အထား ၊ တွက်ချက်မှုစာရင်းများ လိုအပ်နေသေးသဖြင့် အမှုတွဲဖွင့်လှစ်စိစစ်ဆောင်ရွက်လျက်ရှိပြီး စားသောက် ဆိုင်လိုင်စင် ခွင့်ပြုထားခြင်းမရှိသေးပါကြောင်းနှင့် BOT  စနစ်ရရှိထားသူသည် ယစ်မျိုးလိုင်စင်ရရှိထားသူဖြစ်ပြီး ၎င်းယစ်မျိုးလိုင်စင်အား အမျိုးအစားပြောင်း၊ တည်နေရာပြောင်း လျှောက်ထားမှုအပေါ် လုပ်ထုံးလုပ်နည်းနှင့်အညီ  စိစစ် ဆောင်ရွက်လျက်ရှိပြီး ခွင့်ပြုချက်မရသေးမီ ဖွင့်လှစ်ခြင်းမပြုရန် ဆောင်ရွက် ထားရှိပြီးဖြစ်ကြောင်း ဖြေကြားသည်။

(င)ဦးကျော်ကျော်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ ရခိုင်ပြည်နယ်၊ မြောက်ဦး မြို့နယ်ရှိ လေးမြို့မြစ်မှ မြစ်သဲကျောက်များကို အထိန်းအကွပ်မရှိ စည်းမဲ့ကမ်းမဲ့ စီးပွားဖြစ်ထုတ်ယူနေမှုများကို ရပ်ဆိုင်းပေးရန် သို့မဟုတ် အတိုင်းအတာ သတ်မှတ်ချက် များနှင့် စနစ်တကျထုတ်ယူနိုင်ရန် သက်ဆိုင်ရာမှ စီမံခန့်ခွဲထိန်းချုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ က မြစ်၊ သဲ၊ ကျောက်များ ထုတ်လုပ်ရာတွင် ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့် လိုင်စင်စည်းကမ်းများအား တိကျစွာလိုက်နာရေး၊ မြစ်၊ချောင်း ကမ်းပါးများ ပြိုကျမှု မရှိစေရေး၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုမရှိစေရေး၊ တရားမဝင်ထုတ်လုပ်မှုများမရှိစေရေး၊ သတ်မှတ်နေရာအတွင်းသာ လုပ်ငန်းများ ဆောင်ရွက်စေရေးတို့အတွက် စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လိုင်စင်စည်းကမ်းဖောက်ဖျက်ခြင်းနှင့် လိုင်စင်မဲ့ထုတ်ယူနေခြင်းများအား စစ်ဆေး တွေ့ရှိပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ပေါင်းစပ်ဖြေကြားချက်အရ ရှင်းလင်းဖြေကြားသည်။

ဥပဒေကြမ်းဆွေးနွေးခြင်း

၃။ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၄)ဦးက ဆွေးနွေးသည်။

၄။ အစည်းအဝေးကို ၁၁၀၈ နာရီအချိန်တွင် ရပ်နားပြီး စတုတ္ထနေ့ အစည်းအဝေးကို      ၂-၈-၂၀၁၈ ရက်နေ့ (ကြာသပတေးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

အမျိုးသားလွှတ်တော်