စမ်းသပ်ထုတ်လွှင့်ခြင်းဖြစ်ပါသည်။

Share this

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌမန်းဝင်းခိုင်သန်း အာဇာနည်ပုံရိပ်လွှာပန်းချီပြိုင်ပွဲဆုပေးပွဲ တက်ရောက်ဆုချီးမြှင့်

လှုပ်ရှားမှုများ

ဝန်ကြီးများရုံးဟောင်းပြုပြင်ထိန်းသိမ်းရေးအဖွဲ့က ကြီးမှူးကျင်းပသည့် အာဇာနည်ပုံရိပ်လွှာပန်းချီပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို (၇.၇.၂၀၁၈)ရက်နေ့ (၁၀၃၀)နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်း(အလယ်ဘလောက်)ရှိ ဝန်ကြီးများရုံး (ယခင်အတွင်းဝန်များရုံး)၌ ကျင်းပသည်။

ဆုပေးပွဲအခမ်းအနားသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌမန်းဝင်းခိုင်သန်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် တာဝန်ရှိသူများ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များ၊ ဝန်ကြီးများရုံးဟောင်းပြုပြင်ထိန်းသိမ်းရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ကျောင်းသားမိဘများနှင့် ဆုရကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက လူတိုင်းသည် မိမိနိုင်ငံ၏ သမိုင်းကို သိရှိရမည်ဖြစ်ပြီး ကလေးတွေသမိုင်းကိုသိအောင် အကောင်အထည်ဖော်သည့်နေရာတွင် များသောအားဖြင့် ပုံပြင်များနှင့် စတင်အကောင်အထည်ဖော်ရပါကြောင်း၊ နောက်တစ်ဆင့် ပန်းချီရုပ်ပုံ၊ စာဖတ်ခြင်းဖြင့်အကောင်အထည်ဖော်ရမည်ဖြစ်ပြီး စာမတိုင်ခင် သမိုင်းကို ကလေးစိတ်ဝင်စားအောင် ရုပ်ပုံနှင့် ပုံပြင်များသည် အဓိကကျပါကြောင်း၊ ဤပန်းချီပြိုင်ပွဲပြုလုပ်ခြင်းဖြင့် ကလေးများအတွက် များစွာအကျိုးရှိပြီး အမှန်တရားကို သိရှိရန်လိုအပ်ပါကြောင်း၊ ကလေးများ၏ အမှန်တရားလမ်းကြောင်းပေါ်ကို ပညာသားပါပါနှင့် ပို့ပေးသော ပန်းချီပြိုင်ပွဲဖြစ်သည့်အတွက် အားလုံးကို ကျေးဇူးတင်ပါကြောင်း၊ ယခုလိုပွဲမျိုးကိုလည်း နှစ်စဉ်နှစ်တိုင်းလုပ်စေချင်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဝန်ကြီးများရုံးဟောင်းပြုပြင်ထိန်းသိမ်းရေးအဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာမောင်မောင်သိမ်းက ပန်းချီပြိုင်ပွဲနှင့်ပတ်သက်၍  ရှင်းလင်းပြောကြားပြီး ပန်းချီပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသားကျောင်းသူများအား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များက ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် ပန်းချီကားများအား အကဲဖြတ်ပေးသော ဒိုင်လူကြီးများကို ဂုဏ်ပြုလက်ဆောင် ပေးအပ်ကြသည်။

အဆိုပါ အာဇာနည်ပုံရိပ်လွှာပန်းချီပြိုင်ပွဲသည် ရန်ကုန်မြို့ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူ ၃၈၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ကြခြင်းဖြစ်ပြီး ပန်းချီနယ်ပယ်မှ ကျွင်းကျင်အနုပညာရှင်များ၊ ပညာရေးအဖွဲ့အစည်းမှ သက်ဆိုင်ရာတာဝန်ရှိသူများက ဆုရရှိသူ ကျောင်းသားကျောင်းသူ ၂၀ အား စိစစ်အကဲဖြတ် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။