စမ်းသပ်ထုတ်လွှင့်ခြင်းဖြစ်ပါသည်။

Share this

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ တတိယအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း တက်ရောက်

လှုပ်ရှားမှုများ

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ တတိယအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို (၁၁.၇.၂၀၁၈)ရက်နေ့ နံနက်(၁၀၀၀)နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) (MICC – 2) ၌ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့် တပ်မတော်အရာရှိကြီးများ၊ လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌများ၊ ဒုတိယဝန်ကြီးများ၊ အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်သားအစုအဖွဲ့မှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ ပါဝင်သင့်ပါဝင်ထိုက်သူအစုအဖွဲ့မှ ကိုယ်စားလှယ်များ၊ NCA လက်မှတ်ရေးထိုးထားသည့် ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) (KNU/KNLA)(PC)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ မွန်ပြည်သစ်ပါတီ(NMSP)နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့မှ ကိုယ်စားလှယ်များ၊ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်ကြသည့် '၀' ပြည် သွေးစည်းညီညွတ်ရေးပါတီ၊ '၀' ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် - မိုင်းလားတပ်ဖွဲ့ (NDAA)၊ မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်-ကိုးကန့်တပ်ဖွဲ့(MNDAA)၊ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်မတော်(AA)တို့မှ ကိုယ်စားလှယ်များ၊ ကရင်နီအမျိုးသားတိုးတက်ရေားပါတီ(KNPP) မှကိုယ်စားလှယ်များ၊ ပင်လုံစာချုပ်လက်မှတ်ရေးထိုးခဲ့သောခေါင်းဆောင်များ၏ မိသားစုဝင်များ၊ Union Peace-making Work Committee (UPWC) မှ လူဟောင်းများနှင့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်ရေးကော်မတီဝင်များ၊ နိုင်ငံခြားသံရုံးများမှ သံတမန်များ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပြည်တွင်း၊ ပြည်ပမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပင်လုံသစ္စာတေးသရုပ်ဖော် တိုင်းရင်းသားအကဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ထို့နောက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကား ပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကား ပြောကြားသည်။

ဆက်လက်၍ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကိုယ်စား ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးဥက္ကဋ္ဌ စောမူတူးစေးဖိုးက အမှာစကားပြောကြားသည်။

ထို့နောက် ရခိုင်အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌ ဒေါ်အေးနုစိန်က အမှာစကားပြောကြားသည်။

ယင်းနောက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဆောင်ရွက်မှုဆိုင်ရာ မှတ်တမ်းဗွီဒီယိုကို ပြသသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒုတိယသမ္မတများ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တာဝန်ရှိသူများသည် မြန်မာနိုင်ငံဆိုင်ရာနိုင်ငံခြားသံရုံးများမှ သံတမန်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့်လည်းကောင်း၊ ပင်လုံစာချုပ်လက်မှတ်ရေးထိုးခဲ့သော ခေါင်းဆောင်များ၏ မိသားစုဝင်များ၊ Union Peace-making Work Committee (UPWC) မှ လူဟောင်းများနှင့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကြီးကြပ်ရေးကော်မတီဝင်များနှင့်လည်းကောင်း၊ NCA လက်မှတ်ရေးထိုးပြီးဖြစ်သော EAOs အစုအဖွဲ့မှ ကိုယ်စားလှယ်များနှင့်လည်းကောင်း၊ ဖိတ်ကြားထားသော EAOs အစုအဖွဲ့မှ ကိုယ်စားလှယ်များနှင့်လည်းကောင်း၊ နိုင်ငံရေးပါတီအစုအဖွဲ့တွင်ပါဝင်သော ကိုယ်စားလှယ်များနှင့်လည်းကောင်း၊ အစိုးရအစုအဖွဲ့တွင် ပါဝင်သော ပြည်ထောင်စုဝန်ကြီးများနှင့် ဗဟိုရုံးဥက္ကဋ္ဌများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌများနှင့်လည်းကောင်း၊ လွှတ်တော်အစုအဖွဲ့တွင်ပါဝင်သော UPDJC အဖွဲ့ဝင်များ၊ လွှတ်တော်ကော်မတီဥက္ကဋ္ဌများ၊ ညီလာခံကိုယ်စားလှယ်များနှင့်လည်းကောင်း၊ တပ်မတော်အစုအဖွဲ့တွင်ပါဝင်သော တပ်မတော်အဆင့်မြင့်အရာရှိကြီးများ၊ ညီလာခံကိုယ်စားလှယ်များ၊ JMC-U အဖွဲ့ဝင်များနှင့်လည်းကောင်း၊ ပါဝင်သင့်ပါဝင်ထိုက်သူများ အစုအဖွဲ့ဝင်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များအစုအဖွဲ့ဝင်များနှင့်လည်းကောင်း၊ အစိုးရမဟုတ်သောပြည်တွင်းအဖွဲ့အစည်း(NGOs) များနှင့်လည်းကောင်း စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။