အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတနှင့် တွေ့ဆုံဆွေးနွေး

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် (၁၆-၅-၂၀၁၇) ရက်နေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီတွင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ H.E.Mr.Tran Dai Quang အား သမ္မတနန်းတော်သို့ သွားရောက်၍ တွေ့ဆုံသည်။

တွေ့ဆုံစဉ်နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲစေရေး၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေး၊ အာဆီယံဒေသတွင်း တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်စေရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့သည် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွာပြီး (၁၇-၅-၂၀၁၇) နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်နှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြပါသည်။