အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ အာရှ-ပစိဖိတ်ဒေသဆိုင်ရာဆွေးနွေးပွဲ ဖွင့်ပွဲတက်ရောက်

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ H.E.Madam Nguyen Thi Kim Ngan ၏ဖိတ်ကြားချက်အရ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့် အဖွဲ့သည် ဗီယက်နမ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးထွက်ခွာခဲ့ရာ ဟိုချီမင်းမြို့သို့ မေလ ၁၀ ရက် ဒေသစံတော်ချိန် ည ၈နာရီခွဲတွင် ရောက်ရှိကြသည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် မေလ ၁၁ ရက် နံနက် ၈နာရီခွဲတွင် ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့ GEM Center ၌ “Responding to Climate Change-Action of Legislators to achieve the SDGs” ခေါင်းစဉ်ဖြင့်ကျင်းပသည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုနှင့် စပ်လျဉ်းသည့် အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

ဖွင့်ပွဲအခမ်းအနားသို့ ဗီယက်နမ်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့် IPU အဖွဲ့ဝင်နိုင်ငံများမှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ IPU ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးချုပ်နှင့် AIPA အထွေထွေအတွင်းရေးမှူးချုပ်တို့ တက်ရောက်ကြသည်။

ဆွေးနွေးပွဲပထမပိုင်းတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ကုလသမဂ္ဂမှချမှတ်ထားသော ကမ္ဘာလုံးဆိုင်ရာ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး ရည်မှန်းချက်ပန်းတိုင်များအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လွှတ်တော်များက ဥပဒေပြုရေး၊ အစိုးရနှင့်အပြန်အလှန်ထိန်းကျောင်းဆောင်ရွက်ရေးကို လူထုကိုယ်စားပြုကာ ပြည်သူနှင့်အတူ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခြင်းအားဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုပါကြောင်း အကြံပြုပြောကြားခဲ့သည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် တက်ရောက်လာသူ အဖွဲ့ခေါင်းဆောင်များစုပေါင်း၍ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကြသည်။ ထို့နောက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၁၅ မိနစ် တွင် ဟိုချီမင်းမြို့တော် ကွန်မြူနစ်ပါတီအတွင်းရေးမှူး Nguyen Thein Nhan က ဟိုချီမင်းမြို့ Rex Hotel ၌ တွေ့ဆုံပြီး ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် ဒေသစံတော်ချိန် ညနေ ၄ နာရီတွင် GEM Center သီးသန့်ခန်း၌ IPU ဥက္ကဋ္ဌ H.E.Mr.Saber Chowdhury နှင့် IPU အထွေထွေအတွင်းရေးမှူးချုပ် Mr.Matin Chungong တို့နှင့် တွေ့ဆုံကာ လွှတ်တော်ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီစနစ်ရှင်သန်ဖွံ့ဖြိုးရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။