အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့ အာရှ – ပစိဖိတ်ဒေသဆိုင်ရာဆွေးနွေးပွဲတက်ရန် ဗီယက်နမ်သို့ထွက်ခွာ

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ H.E. Madam Nguyen Thi Kim Ngan ၏ဖိတ်ကြားချက်အရ ၂၀၁၇ ခုနှစ်၊ မေလ ၁၀ ရက်မှ ၁၆ ရက်အထိ ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တွင် “Responding to Climate Change-Action of Legislators to achieve the SDGs” ခေါင်းစဉ်ဖြင့် ကျင်းပမည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုနှင့် စပ်လျဉ်းသည့် အာရှ-ပစိဖိတ်ဒေသဆိုင်ရာဆွေးနွေးပွဲသို့ တက်ရောက်ရန်နှင့် တစ်ဆက်တည်း ချစ်ကြည်ရေးခရီးသွားရောက်ရန်အတွက် (၁၀-၅-၂၀၁၇) ရက်နေ့ မွန်းလွဲပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှထွက်ခွာရာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံအမတ်ကြီး H.E. Mrs Luan Thuy Duong၊ အမျိုးသားလွှတ်တော် တောင်သူလယ်သမား ရေးရာကော်မတီဥက္ကဋ္ဌ ဦးဘမျိုးသိန်း၊ အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး နော်လှလှစိုး၊ အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီနှင့် ပညာရေးမြှင့်တင်မှုကော်မတီတို့၏ အဖွဲ့ဝင် ဦးကျော်နိုင်နှင့် တာဝန်ရှိသူတို့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်အတူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ ဖြစ်သည့် ဦးကျော်သောင်း၊ ဦးခင်မျိုးဝင်း၊ ဦးမြင့်သန်းထွန်းနှင့် အမျိုးသားလွှတ်တော်ရုံးမှ အဆင့်မြင့်အရာရှိကြီးများ လိုက်ပါသွားကြသည်။