အမျိုးသားလွှတ်တော်

မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ (MPU) အစည်းအဝေး (၂/၂၀၁၇) သို့ ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း တက်ရောက်

မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ (Myanmar Parliamentary Union – MPU) အစည်းအဝေး (၂/၂၀၁၇) ကို (၅-၅-၂၀၁၇) ရက်နေ့ နံနက် (၁၀၀၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇဗ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက အဖွင့်အမှာစကားပြောကြားရာတွင် ပြီးခဲ့သည့်အစည်းအဝေး အမှတ်စဉ် (၁/၂၀၁၇) ၏ ဆုံးဖြတ်ချက်များနှင့်အညီ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ရုံး အသီးသီးပြင်ဆင်ဖွဲ့စည်းရေးနှင့် စပ်လျဉ်းသည့် လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့ပါကြောင်း။

တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လွှတ်တော်ရုံးများ ဖွဲ့စည်းပုံအသစ်ကို ၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်တွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါကြောင်း။

တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဆန္ဒပြုဝန်ထမ်းများ လွှဲပြောင်းတာဝန်ထမ်းဆောင်ခွင့် ရရှိရေးအတွက် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေနှင့်အညီ အရာထမ်းများကို ပြည်ထောင်စုရာထူးဝန်အဖွဲ့သို့လည်းကောင်း၊ အမှုထမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့သို့လည်းကောင်း တင်ပြဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်ရုံးများတွင် တွဲဖက်တာဝန်ထမ်းဆောင်ရန်လိုအပ်မည့် ရာထူးအလိုက် အင်အားစာရင်းနှင့် ထပ်မံဖြည့်စွက်ခန့်ထားရန် လိုအပ်သည့်ရာထူးအလိုက်စာရင်းကိုလည်း ပြုစုပေးရန် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ရုံးအားလုံးသို့ တောင်းခံထားပါကြောင်း။

ပြည်ထောင်စုလွှတ်တော်ကော်မရှင်နှင့် MPU အဖွဲ့ဝင်များ ညှိနှိုင်းရေးဆွဲခဲ့သည့် မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ဥပဒေကြမ်းကို ယခုအစည်းအဝေးတွင် အတည်ပြုနိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရန်နှင့် ပဉ္စမပုံမှန်အစည်းအဝေး၌ တင်သွင်းဆွေးနွေးနိုင်ရန် လျာထားကြောင်း ပြောကြားသည်။

ဆက်လက်ပြီး မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ ဒုတိယဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က လွှတ်တော်သည် ဒီမိုကရေစီနိုင်ငံ၏ အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ လွှတ်တော်ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ သိရှိဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံရေးတည်ငြိမ်ပျက်ပြားမှုများကို ဖြစ်စေမည့် ကောလာဟလသတင်းဖြန့်မှုများ ရှိနေပါကြောင်း၊ ဒီမိုကရေစီနိုင်ငံများတွင် လွှတ်တော်၏အခန်းကဏ္ဍသည် များစွာအရေးကြီးပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်နှင့်အခွင့်အရေးများကို ဥပဒေနှင့်အညီဖြစ်စေရန် လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများမှ နည်းလမ်းတကျတည့်မတ်ပေးစေလိုကြောင်း၊ ဥပဒေပြုလွှတ်တော်နှင့် အုပ်ချုပ်ရေးအစိုးရတို့အကြား တတ်နိုင်သမျှ ပိုင်းခြားဆောင်ရွက်ခြင်းနှင့် အပြန်အလှန်ထိန်းကျောင်းခြင်း လုပ်ငန်းစဉ်များကို မှန်မှန်ကန်ကန်ထိထိရောက်ရောက်ဖြစ်အောင် ဆောင်ရွက်စေလိုကြောင်း၊ တင်ဒါခေါ်ယူခြင်းလုပ်ငန်းများတွင်လည်း အဂတိလိုက်စားမှု ကင်းကင်းရှင်းရှင်းဖြင့် မှန်ကန်စွာ ဆောင်ရွက်ကြစေလိုကြောင်း၊ ထို့အပြင် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာနိုင်ရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ အတွင်းရေးမှူး ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးအေးသာအောင်က မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့အစည်းအဝေး (၁/၂၀၁၇) ဆုံးဖြတ်ချက်များအပါအဝင် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင် ဦးဇော်မြင့်ဖေက ၂၀၁၅ ခုနှစ် ဇူလိုင် ၂၂ ရက်က အတည်ပြုပြဋ္ဌာန်းခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့်ဥပဒေ( ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၄၅။ )ပါ အခွင့်အရေးများနှင့်စပ်လျဉ်းပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် လက်တွေ့ကျင့်သုံး အကောင်အထည်ဖော်နိုင်ရန် လိုအပ်မှုအခြေအနေကို ရှင်းလင်းဆွေးနွေးပြီး မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ ရုံးအဖွဲ့မှူး၊ ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ရုံးများ ပြင်ဆင်ဖွဲ့စည်းနိုင်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌများက ဆောင်ရွက်မှုအခြေအနေများ ရှင်းလင်းတင်ပြခြင်း၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်များက ဖြည့်စွက်အကြံပြုဆွေးနွေးခြင်း၊ အထွေထွေဆွေးနွေးခြင်းများ ဆောင်ရွက်ကြသည်။

ထို့နောက် မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းနှင့် မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်တို့က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်မှာကြားပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။