အမျိုးသားလွှတ်တော်

ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းနှင့်အဖွဲ့ အာဆီယံနိုင်ငံခေါင်းဆောင်များနှင့် အာဆီယံပါလီမန်များညီလာခံ ကိုယ်စားလှယ်များ မျက်နှာစုံညီတွေ့ဆုံပွဲသို့ တက်ရောက်

ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်း ခေါင်းဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ဖိလစ်ပိုင်သမ္မတနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌနှင့် အာဆီယံပါလီမန်များညီလာခံ (AIPA) အလှည့်ကျဥက္ကဋ္ဌ H.E. PANTALEON D.ALVAREZ ၏ ဖိတ်ကြားချက်အရ  အာဆီယံနိုင်ငံခေါင်းဆောင်များနှင့် အာဆီယံပါလီမန်များညီလာခံ ကိုယ်စားလှယ်များ မျက်နှာစုံညီတွေ့ဆုံပွဲအတွက် အကြိုညှိနှိုင်းအစည်းအဝေး (AIPA Preparatory Meeting for the ASEAN –AIPA Leaders’ Interface) နှင့် အာဆီယံနိုင်ငံခေါင်းဆောင်များနှင့် အာဆီယံပါလီမန်များညီလာခံ ကိုယ်စားလှယ်များ မျက်နှာစုံညီတွေ့ဆုံပွဲ (ASEAN –AIPA Leaders’ Interface) သို့ တက်ရောက်ရန် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ Ninoy Aquino အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဧပြီ ၂၇ ရက် ညပိုင်းတွင် ရောက်ရှိခဲ့သည်။

ပြည်ထောင်စုလွှတ်တော်နာယကနှင့်အဖွဲ့အား ဖိလစ်ပိုင်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းနိုင်နှင့် ဖိလစ်ပိုင်အောက်လွှတ်တော်မှ တာဝန်ရှိသူများက Ninoy Aquino အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် Makati Shangrila Hotel တို့တွင် လာရောက်ကြိုဆိုနှုတ်ဆက်ကြသည်။

ပြည်ထောင်စုလွှတ်တော်နာယကနှင့်အဖွဲ့သည် ဧပြီ ၂၈ ရက် နံနက် ၉ နာရီတွင် ကျင်းပသည့် အာဆီယံနိုင်ငံခေါင်းဆောင်များနှင့် အာဆီယံပါလီမန်များညီလာခံ ကိုယ်စားလှယ်များ မျက်နှာစုံညီတွေ့ဆုံပွဲအတွက် အကြိုညှိနှိုင်းအစည်းအဝေးသို့ AIPA အဖွဲ့ဝင်နိုင်ငံများဖြစ်သော ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ပါလီမန်ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များနှင့်အတူ တက်ရောက်ကြသည်။

ထို့နောက် ဖိလစ်ပိုင်အောက်လွှတ်တော်ဥက္ကဋ္ဌနှင့် အာဆီယံပါလီမန်များညီလာခံ အလှည့်ကျဥက္ကဋ္ဌ၊ အာဆီပါလီမန်များမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များ၊ အာဆီယံပါလီမန်များညီလာခံ AIPA အထွေထွေအတွင်းရေးမှူးချုပ်တို့နှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ယင်းနေ့ညပိုင်းတွင် ပြည်ထောင်စုလွှတ်တော်နာယကသည် ဖိလစ်ပိုင်အောက်လွှတ်တော် ဥက္ကဋ္ဌနှင့် အာဆီယံပါလီမန်များညီလာခံ အလှည့်ကျဥက္ကဋ္ဌက တည်ခင်းသော ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့ကြသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၂၉ ရက် နံနက်ပိုင်းတွင် ဖိလစ်ပိုင်အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ၌ ကျင်းပသည့် အကြိမ် (၃၀) မြောက် အာဆီယံထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး နေ့လည်ပိုင်းတွင် အာဆီယံနိုင်ငံခေါင်းဆောင်များနှင့် အာဆီယံပါလီမန်များညီလာခံ ကိုယ်စားလှယ်များ မျက်နှာစုံညီတွေ့ဆုံပွဲ (ASEAN –AIPA Leaders’ Interface) သို့ တက်ရောက်သည်။

ပြည်ထောင်စုလွှတ်တော်နာယကနှင့်အဖွဲ့သည် ဧပြီ ၃၀ ရက် နံနက်ပိုင်းတွင် မလေးရှားလေကြောင်းဖြင့် မနီလာမြို့မှ ပြန်လည်ထွက်ခွာခဲ့ကြရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ညနေပိုင်းတွင် ပြန်လည်ရောက်ရှိသည်။

ပြည်ထောင်စုလွှတ်တော်နာယကနှင့်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ အမျိုးသားလွှတ်တော် ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးကျော်ထွေး၊ နိုင်ငံသားများ၏မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့်လူ့အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါက်တာဌေးကြွယ်နှင့် တာဝန်ရှိသူတို့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။